အားလုံးကြည့်ရမယ့်မြန်မာရုပ်ရှင်တို

ဒီရုပ်ရှင်ဟာ သိပ်မကြာခင်မှာ နိုင်ငံပြန်လည်ကျန်းမာရေးအတွက် တထောင့်တနေရာကနေ အားဖြည့်ပေးမယ့် ထောက်ပို့တပ်သားတစ်ယောက်ဖြစ်လာပါတော့မယ်။

ဒီကာလကြီးအတွင်းမှာ မြန်မာရုပ်ရှင်ကားတစ်ကား မဖြစ်မနေကြည့်ရမယ်ဆိုပါစို့။ ကြည့်ရကျိုးလည်းနပ်ရမယ်။ ဒီကာလအတွင်းမှာ လိုအပ်နေတဲ့နေရာတွေကို အကူအညီပေးပြီးသားလည်းဖြစ်ရမယ်။ ခင်ဗျားစိတ်ထဲမှာလည်း တစ်ခုခု ကျန်ရစ်နေခဲ့ရမယ်။ ဒီအချက်တွေအားလုံးနဲ့ ကိုက်ညီတဲ့မြန်မာရုပ်ရှင်ဇာတ်လမ်းတိုတစ်ကားရှိပါတယ်။ The Unknown Infinity လို့ခေါ်ပါတယ်။

The Unknown Infinity ဟာ လွိုင်ကော်သားလေး “ဘဲဥ” တစ်ယောက် တီဗီကြော်ငြာမှာပါတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ “ကေသရီ” ကို အရူးအမူးစွဲလမ်းမိသွားပြီး သူ့ပုံပါတဲ့ မဂ္ဂဇင်းတွေ စာအုပ်အငှားဆိုင်ကနေ ငှားဖတ်၊ သူ့ပုံတွေရှာပြီး အိမ်နံရံမှာကပ်ထားတဲ့အဆင့်ကနေ အပြင်မှာလိုက်ရှာဖို့ကြိုးစားတဲ့အကြောင်းကို ပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက အဲ့ဒီလောက်အထိ မရိုးရှင်းလှပါဘူး။ မင်းသမီးကို ရန်ကုန်အထိဆင်းရှာတယ်၊ မင်းသမီးနဲ့တွေ့သွားမယ်ဆိုတာမျိုးဖြစ်မယ်ထင်ရင်တော့ အမှားကြီးမှားပါလိမ့်မယ်။ အလွှာတွေများပြီး စဥ်းစားစရာတွေကျန်ရစ်နေခဲ့စေမယ့် ဇာတ်လမ်းတိုတစ်ပုဒ်ဖြစ်တာမို့ ဇာတ်လမ်းတည်ဆောက်ပုံကို ဒီလောက်ပဲအမြည်းပြောပြထားချင်ပါတယ်။

“ဘဲဥ” နေရာမှာ သရုပ်ဆောင်သူမင်းသားဟာ ကျွန်တော်ဖြင့် တကယ့်လွိုင်ကော်သားလားတောင် ထင်ခဲ့မိတဲ့အထိပါပဲ။ ကျွန်တော်သိရတဲ့အချက်အလက်တွေအရ ဒီမင်းသားက အလုပ်ထွက်၊ လွိုင်ကော်မှာ ၃ လကျော်သွားနေပြီး လွိုင်ကော်သားလေသံရအောင် ကြိုးစားလေ့ကျင့်ခဲ့တယ်လို့သိရပါတယ်။ ဇာတ်ဝင်ခန်းတစ်ခန်းနဲ့တစ်ခန်း အကူးအပြောင်းတွေဟာ သပ်ရပ်လှပါတယ်။ ဇာတ်လမ်းဟာ ပျော်စရာကနေစလို့ ဝမ်းနည်းစရာတွေအထိ ခံစားချက်အစုံအလင်ပေးပါလိမ့်မယ်။ ကွန်ပြူတာအထူးပြုလုပ်ချက်အချို့ကိုလည်း မြင်ရပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ ရွေးချယ်ထားတဲ့သီချင်းတွေနဲ့ နောက်ခံတီးလုံးတွေဟာလည်း မြန်မာရုပ်ရှင်ဇာတ်လမ်းတိုတွေထဲမှာ ဇာတ်ဝင်ခန်းတွေနဲ့လိုက်ဖက်နေတာကို ရှားရှားပါးပါးခံစားမိပါလိမ့်မယ်။

The Unknown Infinity ဟာ လူငယ်တစ်စုရဲ့ ပထမဆုံးရုပ်ရှင်၊ အကျိုးအမြတ်ကို ပဓာနမထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင်ဇာတ်လမ်းတိုတစ်ခုအဖို့ ဇာတ်လမ်းကောင်းတယ်၊ ရိုက်ထားတာကောင်းတယ်ဆိုတာထက် ပိုပြီးချီးကျူးဖို့ထိုက်တန်တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နေရာအသီးသီး ကဏ္ဍအသီးသီးက လူငယ် အယောက် (၂၀) ကျော် အတူတူ ပေါင်းစည်းပြီး အချိန် (၇) လ ကျော်ကြာ ဖန်တီးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇ ာတ်လမ်းအစအဆုံးကို ရီဟာဆယ် ၂ ကြိမ်ရိုက်ပြီး နောက်ဆုံး ၃ ကြိမ်မြောက်မှ အစိန်ရိုက်ခဲ့ကြတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဘတ်ဂျက် သိန်း ၇၀ ကျော်ကုန်ကျပြီး စပွန်ဆာတွေ၊ အလှူရှင်တွေရယ်၊ ဒါရိုက်တာနဲ့ အဖွဲ့သားတွေရဲ့ ခြစ်ကုပ်ကြိုးစားမှုရယ်ကြောင့် ခရီးပေါက်လာတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၃ နှစ်ကြာအောင် အမှောင်ထဲမှာပဲရှိနေခဲ့ပြီး ဘယ်ရုပ်ရှင်ပွဲတော်၊ ဘယ်ပရိသတ်မှမကြည့်ရသေးတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ သိပ်မကြာခင်မှာ နိုင်ငံပြန်လည်ကျန်းမာရေးအတွက် တထောင့်တနေရာကနေ အားဖြည့်ပေးမယ့် ထောက်ပို့တပ်သားတစ်ယောက်ဖြစ်လာပါတော့မယ်။ ဒီတော့ ခင်ဗျားတို့မှာ

– နာရီဝက်အချိန်ရှိတယ်ဆိုရင်

– နိုင်ငံကျန်းမာရေးဟာ ကိုယ်နဲ့သက်ဆိုင်တယ်လို့ ခံယူရင်

– နိုင်ငံကျန်းမာရေးအတွက်ပါဝင်ချင်ရင်

– ပိုက်ဆံအလဟာသကုန်သွားတယ်လို့ မခံစားချင်ရင်

– ပေးလိုက်ရတာနဲ့ တန်တယ်ဆိုတဲ့ခံစားချက်ရချင်ရင်

The Unknown Infinity အလာကို စောင့်မျှော်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဝတ္တရားအရသာ အလှူငွေထည့်ရပါတယ်ဆိုတဲ့ခံစားချက်မျိုးမဟုတ်ပဲ တကယ်အရည်အသွေးကောင်းတဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတိုတစ်ပုဒ်ကို ခံစားကြည့်ရှုရင်း နိုင်ငံကျန်းမာရေးအတွက် ငါကူလိုက်နိုင်ပါလားဆိုတဲ့ ခံစားချက်ကို ရရှိသွားပါလိမ့်မယ်။

The Unknown Infinity ဟာ လက်ရှိအချိန်ကာလကို အခြေပြုတဲ့ရုပ်ရှင်မဟုတ်ပါဘူး။ အာဏာရှင်ကြောင့်၊ ကိုဗစ်ကြောင့် ၃ နှစ်ကြာ အချိန်နှောင့်နှေးသွားတဲ့ “ဘဲဥ” အကြောင်းရုပ်ရှင်ဇာတ်လမ်းတိုတစ်ပုဒ်သာဖြစ်ပါတယ်။

သြော် ဒါနဲ့ ခင်ဗျားတို့ကို တစ်ခုပြောပြဖို့ကျန်နေသေးတယ်။ ကြော်ငြာကတဆင့်တွေ့တဲ့ မင်းသမီးကို ရူးသွပ်သွားတဲ့ “ဘဲဥ” ဆိုတဲ့ပုဂ္ဂိုလ်ဟာ လွိုင်ကော်မှာတကယ်ရှိပါသတဲ့။ “ဘဲဥ” နေရာမှာ သရုပ်ဆောင်တဲ့မင်းသားက လွိုင်ကော်မှာ ၃ လကျော်သွားနေပြီး လေ့ကျင့်တယ်လို့ပြောတယ်မဟုတ်လား။ သူသွားနေတာ တကယ့် “ဘဲဥ” အိမ်မှာပါတဲ့။

ဒီလောက်ဆို ခင်ဗျားတို့စိတ်ဝင်စားသွားလောက်ပြီလို့ထင်ပါတယ်။ ဒီပို့စ်ကို သိမ်းထားပါ၊ ရှဲထားပါ။ The Unknown Infinity ပေ့ချ်ကို follow ထားပါ။ အောက်မှာ trailer ကို အမြည်းကြိုကြည့်ထားလိုက်ပါ။ နိုင်ငံပြန်လည်ကျန်းမာဖို့အတွက် ပြည်တွင်းကထွက်တဲ့ အနုပညာလက်ရာအစစ်အမှန်တစ်ခုကိုကြည့်ရှုအားပေးပြီး ကူညီခွင့်ရမှာ ကျွန်တော်တို့တွေ ဘယ်လောက်များကံကောင်းလိုက်သလဲခင်ဗျာ။

The Unknown Infinity ထရေလာကို ဒီမှာကြည့်နိုင်ပါတယ်။

Leave a comment