, ,

မောက်ခမ်းဝါနှင့် အထူးအင်တာဗျူး

သူများတွေ အိုးအိမ်စည်းစိမ်အကုန်ပေးနေကြတာပဲ။
ကျွန်တော်လည်း ဝမ်းသာအားရ
The Unkown Infinity ရုပ်ရှင်ကို
တော်လှန်ရေးအတွက် ပေးလိုက်တယ်။

မောက်ခမ်းဝါ

ရုပ်ရှင်ဖန်တီးသူတစ်ယောက်ဖြစ်လာဖို့ ဘယ်အရာတွေကို ကိုယ့်ကိုတွန်းအားပေးခဲ့သလဲ။

မူကြိုကတည်းက စလို့ အတန်းဖော်တွေကို လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်၊ ဇာတ်လမ်းတွေ ပြောပြခဲ့တယ်။ ၄ တန်း လောက်မှာလည်း ဗလာစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ကုန်အောင် ဝတ္ထုတွေရေးခဲ့ပြီး အဲ့ဒီ ဝတ္ထုကို ဆရာမက အတန်းထဲဖတ်ပြခဲ့တယ်။ အဲ့ဒီအချိန်ကတည်းက သူများကို ဇာတ်လမ်းတွေပြောပြရတာကို အရသာတွေ့ခဲ့တယ်။ ရုပ်ရှင်ဆိုတာလည်း အဲ့သဘောတရားအတိုင်းပဲမို့ ရုပ်ရှင်ဖန်တီးသူ ပုံပြောသူတစ်ယောက် ဖြစ်လာတယ်လို့ပဲ ထင်ပါတယ်။

ဘယ်ရုပ်ရှင်တွေက မောက်ခမ်းဝါရဲ့ဘဝအပေါ် လွှမ်းမိုးမှုရှိခဲ့လဲ။

The Arrival / Eternal Sunshine of Spotless Mind / Fight Club / Oldboy / Memories of Murder / 12 Angry Men အပြင်နောက်ထပ် ရုပ်ရှင်ကား ၃၀ လောက် ထပ်ရှိသေးတယ်။ သူတို့က ဘဝရဲ့ အကြီးမားဆုံး လွှမ်းမိုးမှု တွေပဲ။ တော်လှန်ရေးအလုပ်တွေလုပ်နေတဲ့ချိန်မှာ အဲ့ကားတွေ သွားကြည့်လို့မရဘူး။ သွားကြည့်မိရင် ဒါရိုက်တာ mood on သွားပြီး ဘာအလုပ်မှ လုပ်မရတော့တဲ့ထိဖြစ်တတ်တယ်။

The Unknown Infinity ကိုရိုက်ဖို့ ဘယ်လိုအိုင်ဒီယာရခဲ့တာလဲ။

သူငယ်ချင်းတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ဒီရုပ်ရှင်က ဖြစ်လာတယ်။ သူ့ရဲ့အစွန်းရောက်မှုဟာ ကြောက်ဖို့ကောင်းတဲ့ထိ ကြီးမားလို့ အဲ့ဒီအရာဟာ ကျွန်တော့် စိတ်ထဲရှိနေခဲ့တာ။ တကယ် ရုပ်ရှင်ရိုက်ဖို့လည်းဖြစ်လာရော၊ ဒါက က နံပါတ် ၁ ရွေးချယ်မှု ဖြစ်လာခဲ့တယ်။

The Unknown Infinity ရုပ်ရှင်က မောက်ခမ်းဝါအတွက် ဘယ်လောက်အထိအဓိပ္ပါယ်ရှိသလဲ။ ဘယ်လောက်အရေးပါသလဲ။ ဘာကြောင့်လဲ။

လွှမ်းမိုးမှု ကျွန်တော့်ပေါ် ကြီးကြီးမားမား မရှိပါဘူး။ ဘဝမှာ ပထမဆုံး ရိုက်ခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းတိုလေးအနေနဲ့ကတော့ အမြဲ ရင်ထဲရှိနေမှာပေါ့။ မပြည့်မစုံနဲ့ လှပတဲ့အိမ်တစ်လုံးပေါ့။

အခုနောက်ဆုံးဗားရှင်းမတိုင်ခင်မှာ အခန်းတွေအများကြီးဖြုတ်ခဲ့ရတယ်လို့ကြားမိပါတယ်။ ဖန်တီးသူတစ်ယောက်အနေနဲ့ဆိုရင်တော့ ဖြစ်နိုင်သမျှ ကိုယ်ရိုက်ထားတာတွေအကုန်ပြချင်မှာပါပဲ။ ဒီတော့ ဖြုတ်သင့်တာဖြုတ်ချဖို့အတွက် ဘယ်လိုစိတ်ပိုင်းဖြတ်ခဲ့ရလဲ။ နောက်ဆုံးဗားရှင်းအပေါ်မှာရော စိတ်ကျေနပ်မှုရှိလား။

ဒါရိုက်တာတစ်ယောက်ရဲ့ သာမန်အလုပ်တစ်ခုပဲမို့ ဖြတ်ရတောက်ရတာက အရမ်းတော့ စိတ်ထဲမရှိတော့ပါဘူး။ ကျွန်တော်ကိုက လိုတာ ၁၀ ဖိုး ဆိုရင် ၁၀၀ ဖိုးလောက် ရိုက်တတ်တဲ့အကျင့်ရှိတယ်။ ပိုတာ အရေးမကြီးဘူး။ လိုလာရင် ခက်မယ်လေ။ နောက်ဆုံး version ကတော့ စိတ်ကျေနပ်မှု အရှိဆုံးပါပဲ။

ကိုယ့်ရဲ့ပထမဆုံးရုပ်ရှင်ဆိုတော့ ဖန်တီးသူ၊ ဒါရိုက်တာတစ်ယောက်အနေနဲ့ အသင်းအဖွဲ့နဲ့အလုပ်စလုပ်ရတဲ့အခါ ကိုယ့်ရဲ့ဇာတ်လမ်းအပေါ်မှာ အခြားသူတွေရဲ့ အာဘော်မလွှမ်းမိုးအောင်၊ ရိုက်ကွင်းပေါ်မှာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်း တသမတ်တည်းသွားအောင် ဘယ်လိုဦးဆောင်ခဲ့လဲ။ အခက်အခဲကြုံခဲ့ရတာမျိုးရှိလား။

ပထမဆုံးရုပ်ရှင်ဆိုပေမယ့် ကျွန်တော်က crew တွေ cast တွေနဲ့ အလုပ်လုပ်ရတဲ့အတွေ့အကြုံက ရှိသလောက်ရှိတယ်။ ဒါကြောင့် တကယ် ကိုယ်တိုင် ရိုက်တဲ့အချိန်မှာ team ကို စိတ်ကြိုက် တည်ဆောက်တယ်။ လူသစ်တွေရှာတယ်။ ရွက်ပုန်းသီးတွေ ရှာတယ်။ အမြင်မတူတဲ့ သူငယ်ချင်းတွေ ရှာတယ်။ အဓိကက mainstream ပေါကားရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ခေါက်ရိုးမကျိုးတဲ့ သူတွေကိုရှာတာ။

ပြီးတော့ ရိုက်ကူးရေးအဆင့်ဆင့်ကို ဘယ် ရုပ်ရှင်ရဲ့ model မှ အတုမယူပဲ ကိုယ့်ပုံစံနဲ့ကိုယ် လည်ပတ်တယ်။ အားလုံးကို ဒီရုပ်ရှင်ပေါ် မှာပဲ ၁၀၀% ပြည့် အားစိုက်စေတယ်။ တခြား artist တွေရဲ့ creation တွေ အကုန်လက်ခံတယ်။ တစ်ဆက်တည်းမှာလည်း ကိုယ့်အာဘော်ဘောင်ထဲ ရောက်အောင် ညှိတယ်။ ကိုယ်စိတ်တိုင်းမကျပဲ ထားလိုက်ပါဆိုပြီး လွတ်လိုက်တာ ဘာ တစ်ခုမှ မရှိဘူး။ အကြံပြုမှု တွေကို ခေါင်းပျော့ပျော့နဲ့ လက်ခံပြီး ကိုယ်ဖြစ်ချင်တာကိုတော့ ခေါင်းမာမာနဲ့ တိုက်ယူလိုက်တယ်။

The Unknown Infinity ရဲ့ ပွဲဦးထွက်က တော်လှန်ရေးအတွက်ဖြစ်လာမယ်လို့ ဘယ်သူကမှ ထင်ထားမှာမဟုတ်လောက်ပါဘူး။ ဒီရုပ်ရှင်စရိုက်တုန်းက ဘယ်မှာပြမယ်လို့စဉ်းစားထားခဲ့လဲ ဒါမှမဟုတ် ပြိုင်ပွဲဝင်ဖို့စီစဥ်ထားခဲ့တာမျိုးရှိလား။ အဲ့ဒီကနေ တော်လှန်ရေးအတွက် ရံပုံငွေရှာဖွေရေးလှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲပွဲထွက်လာမယ့်အပေါ်ရော ဖန်တီးသူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

အမှန်တိုင်းပြောရရင် The Unknown Infinity က စရိုက်တုန်းမှာ ရိုက်ချင်ဇော နဲ့ ရိုက်လိုက်တာပဲ။ ဘာ မျှော်မှန်းချက်မှ မရှိဘူး။ ဒါကိုလည်း ကျွန်တော်က အဆိုးထဲကအကောင်း အနေနဲ့ ဝမ်းသာတယ်။ တချို့ဆို ဘယ်ရုပ်ရှင်ပွဲတော်ကို ပို့မှာ ဒါကြောင့် အဲ့ဒီပွဲအကြိုက် ရိုက်ဆိုတာမျိုး ရှိတယ်။ စီးပွားရေးဆန်တဲ့ ဖန်တီးမှု တွေ လုပ်ကြတာ။ ကျွန်တော်က ကိုယ်ကြိုက်ဖို့ပဲ ကိုယ်ရိုက်တယ်။ ကိုယ်ကြိုက်တာကို အများကြိုက်လာဖို့ ကြိုးစားမယ်လေ။

အကောင်းဆုံးအစိတ်အပိုင်းကတော့ ဒီရုပ်ရှင်က တော်လှန်ရေးအတွက် ဖြစ်လာတာပါပဲ။ သူများတွေ အိုးအိမ်စည်းစိမ်အကုန်ပေးနေကြတာပဲ။ ကျွန်တော်လည်း ဝမ်းသာအားရ ရုပ်ရှင်ကို တော်လှန်ရေးအတွက် ပေးလိုက်တယ်။

တော်လှန်ရေးအောင်မြင်သွားတဲ့အခါရော The Unknown Infinity ကို ဘယ်လိုပုံစံနဲ့မြင်ချင်လဲ။ ထပ်ပြီး ပွဲထုတ်ဖို့ရှိနိုင်မလား။

တော်လှန်ရေးအောင်တဲ့ချိန်မှာတော့ ဒီရုပ်ရှင်ကို လူတိုင်းကြည့်လို့ရသွားအောင်ပဲ စီစဉ်ချင်တယ်။

နောက်ထပ်ရုပ်ရှင်ကားဆို ဘယ်လိုအမျိုးအစားရိုက်ချင်လဲ။

အားအသန်ဆုံးကတော့ thriller / crime / fantasy / history / romance ပေါ့လေ။ နောက်ထပ်ရိုက်မယ့် တစ်ကားက အဲ့ဒီထဲက တစ်မျိုး ဖြစ်ပါလိမ့်မယ်။

ဆက်ပြောချင်တာကတော့ အနုပညာနဲ့ နိုင်ငံရေးကြားက ခံယူချက်တွေအကြောင်းပေါ့။ တချို့ကလည်း အနုပညာနဲ့ နိုင်ငံရေးက မဆိုင်ဘူးလို့ပြောကြတယ်။ တဖက်ကကြည့်ပြန်ရင်လည်း mainstream မှာတောင် Malcolm X, V for Vendetta, Dr. Strangelove တို့လို လူတွေရဲ့နိုင်ငံရေးအမြင်ကိုပါ ပြောင်းလဲပေးနိုင်တဲ့ အနုပညာလက်ရာတွေရှိတယ်ဆိုတော့ မောက်ခမ်းဝါအနေနဲ့ရော အနုပညာနဲ့ နိုင်ငံရေးကြားက ဆက်နွယ်မှုအပေါ် ကိုယ်ပိုင်အမြင်တစ်ခုရှိမှာပါပဲ။ အဲ့ဒါလေး ပြောပြပေးလို့ရမလား။

တကယ်တော့ အနုပညာကနိုင်ငံရေးနဲ့ မဆက်စပ်ဘူးတို့ ဆက်စပ်တယ်တို့ အနုပညာက အနုပညာအတွက်ပဲတို့ ပြောနေတာတွေက ရူးနေလို့ပဲ။ ဒီလူသားကမ္ဘာကြီးမှာ အရာရာဟာ ဆက်စပ်နေကြတာချည်းပဲ။ အတွေးအခေါ် တွေ ကုန်စည်တွေ နေထိုင်စားသောက်မှုတွေ အကုန်ဆက်စပ်တယ်။ အိမ်မှာ တစ်ယောက်တည်းနေမယ် ဘယ်သူနဲ့မှ မပတ်သက်ဘူးလို့ လုပ်လို့မရဘူး။ လှဲနေတဲ့ အိပ်ယာခင်းက ဟိုးအဝေးကြီးကနေ လူပေါင်းများစွာနဲ့ ဆက်စပ်ပြီး ကိုယ့်အခန်းထဲရောက်လာတဲ့ကုန်စည်။ ဒါ ဆက်စပ်မှုပဲ။ အနုပညာလည်း ဒီသဘောပဲ။

ဒါဆို လက်ရှိ အာဏာရှင်ံယန္တရားအောက်မှာ အနုပညာအလုပ်တွေဆက်လုပ်နေတဲ့လူတွေကိုရော ဘယ်လိုမြင်လဲ။ သူတို့တွေကို ဘာပြောချင်လဲ။

ဖန်တီးသူက ကြိုက်သလို ဖန်တီးပါစေ။ ဒါ သူ့ရဲ့ လွတ်လပ်ခြင်း။ ဒါပေမယ့် လွတ်လပ်ခြင်းနဲ့အတူ တာဝန်ယူမှု ဆိုတာလည်း တွဲပါရတယ်။ ဝါးလုံးက ကြိုက်သလိုရမ်းလို့ရတယ်။ ဒါ လွတ်လပ်ခွင့်။ ဒါပေမယ့် သူများကို မထိခိုက်ရဘူး။ ဒါ တာဝန်ယူမှု။

စစ်ကောင်စီဆက်စပ်အုပ်စုနဲ့ ရုပ်ရှင် အတူ ဖန်တီးတယ်ဆိုတာ တာဝန်ယူမှု မရှိတာ။ လူတကာ တော်လှန်နေချိန်မှာ အနုပညာသမားတွေကလည်း CDM လုပ်ကြရမှာ။ ပုန်ကန်ရမှာ။

တော်လှန်ရေးနဲ့ အနုပညာမသက်ဆိုင်ဘူးဆိုတဲ့စကားတွေအပေါ် ဘယ်လိုချေပချင်လဲ။

လျှောက်ပြောကြတာ။ အဓိကကတော့ ရိုးသားဖို့ပဲလိုတယ်။ ဖန်တီးမှုကို အရမ်းဂေါ် ပြီး အရမ်း နိုင်ငံရေး message တွေပေးချင်ပြီး စောက်ပိုတွေလုပ်ရိုက်ရင် အဲ့ကားက ကောင်းမှာမဟုတ်ဘူး။ အနုပညာကားလို့ပြောပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်တာတွေကို နားလည်သလို ဟန်ဆောင် လျှောက်ရိုက်နေရင်လည်း အဲ့ဒီကားက အလကားပဲ။ ကိုယ်ခံစားရတဲ့အတိုင်း အရှိအတိုင်း ရိုးရိုးလေးရိုက်ရင် အဲ့ဒီရုပ်ရှင်ဟာ တကယ် ကောင်းတယ်။

V for Vendetta အကြောင်းဆက်ရရင် အဲ့ဒီရုပ်ရှင်က အာဏာရှင်တော်လှန်ရေးအကြောင်းပဲဆိုပေမယ့် အပြင်လောကနဲ့ ကွဲထွက်နေတာတွေ၊ အတွေးအခေါ် အယူဝါဒပိုင်းကို ပိုပြီးဦးစားပေးထားတာတွေကို မြင်ရတယ်။ Guy Fawkes မျက်နှာဖုံးဝတ်ထားတဲ့ပြည်သူတွေ လမ်းမကြီးတွေပေါ်ချီတက်လာတဲ့အချိန်မှာ စစ်သားတွေက သူတို့ကိုမပစ်ခတ်ရဲတော့တာမျိုးပေါ့။ ကျွန်တော်တို့ကျ တကယ်ပစ်ခံခဲ့ကြရတာမဟုတ်လား။ ဒီတော့ မောက်ခမ်းဝါအနေနဲ့ ကိုယ်တိုင်လည်း တော်လှန်ရေးမှာ ရှေ့တန်းစာမျက်နှာကနေ ပါဝင်နေသူတစ်ယောက်ဆိုတော့ ရုပ်ရှင်တွေထဲက တော်လှန်ရေးတွေနဲ့ အပြင်က တော်လှန်ရေး ဘာတွေဆင်တူတာရှိလဲ။ ဘာတွေကွာခြားတာရှိလဲ။

အပြင်တော်လှန်ရေးနဲ့ ရုပ်ရှင်တော်လှန်ရေးက အကွာကြီးပါပဲ။ ရုပ်ရှင်ကတော့ dramatic purpose အရ ပြုပြင်တာပေါ့လေ။ မျက်ရည်တွေစိမ့်လာအောင် သွေးကြွလာအောင်ပေါ့။ ဒါပေမယ့် အဲ့ဒါတွေက ကျွန်တော်တို့ အပြင်မှာ တကယ်ကြုံခဲ့ရတာတွေကို မမှီဘူး။ နိုင်ငံတကာ တော်လှန်ရေးတိုင်းမှာလည်း ရုပ်ရှင်ထက် အများကြီးပိုကောင်းတဲ့ drama တွေ ရှိမှာပဲ။ ကျွန်တော်က တစ်ကိုယ်ရေအမြင်ဆို ရုပ်ရှင် drama ကို မကြိုက်ဘူး။ တကယ့်ဘဝက တကယ့်ဖြစ်ရပ်မှန်ကသာ အကောင်းဆုံး drama ပဲလို့ ခံယူထားတယ်။

ရဲဘော် ၁၀ ယောက်လောက် ကွမ်လုံတံတားကိုဖြတ်ပြီး အောင်ပွဲခံကြတဲ့မြင်ကွင်းက ရုပ်ရှင်မှာမြင်ရတဲ့ လူ ထောင်ချီအောင်ပွဲခံနေတဲ့မြင်ကွင်းထက် အများကြီး ပိုသာတယ်။ ဘာလို့ဆို စစ်မှန်မှု ရှိလို့ပဲ။

ကိုယ်တိုင်သာ တော်လှန်ရေးရုပ်ရှင်ကားတစ်ကားရိုက်ဖြစ်မယ်ဆိုရင် အပြင်မှာတကယ်ကြုံရတဲ့အဖြစ်အပျက်တွေ၊ ခံစားချက်တွေထဲက ဘယ်အစိတ်အပိုင်းကို ဦးစားပေးတင်ဆက်ချင်လဲ။

ကိုယ်တိုင်ရိုက်ခွင့်ရမယ် production team လည်း နောက်မှာရှိမယ် လုပ်ချင်တာ လုပ်ခွင့်ရမယ်ဆိုရင် နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးကို လွှမ်းခြုံတဲ့ series သို့မဟုတ် ရုပ်ရှင်တစ်ကား သေချာပေါက် ရိုက်ချင်တယ်။

The Unknown Infinity ရုပ်ရှင်ထွက်လာတော့မယ်ဆိုတော့ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး တော်လှန်ပြည်သူတွေကို ပြောချင်တဲ့စကားရှိဦးမလား။

ရုပ်ရှင်ထွက်တာနဲ့ပတ်သက်ပြီး တကူးတက တော့ ဘာမှ မပြောတော့ပါဘူး။ လူတွေလည်း ပင်ပန်းလှပြီ။ ကြည့်ချင်စိတ်ရှိမှပဲ ကြည့်ကြဖို့ပါပဲ။ ကြည့်မယ်ဆိုရင်တော့ အားလုံးကြည့်လို့ရတဲ့ နည်းလမ်းကို ကြံဖန်ထားပါတယ်။

နောက်ဆုံးအနေနဲ့ မောက်ခမ်းဝါ အကြိုက်ဆုံး ရုပ်ရှင် quote တစ်ခု မျှဝေပေးလို့ရမလား။

“It Gets Easier. Every Day, It Gets A Little Easier. But You Gotta Do It Every Day. That’s The Hard Part.”

– Bojack Horseman

Leave a comment