အမှန်တရားကို ဆင့်ကဲ့ပုံဖော်ခြင်း

Monster ရုပ်ရှင်မှ သတင်းအချက်အလက်မပြည့်အဝမရရှိမှု

Photo credit goes to BBC.

အပေါ်ဆုံးပုံကဂိမ်းကို တစ်ယောက်ကျောပေါ်တစ်ယောက်ထပ်ဆင့်ပုံဆွဲတဲ့ဂိမ်း (Draw On My Back Game) လို့ ခေါ်ပါတယ်။ ဦးဆောင်ကစားတဲ့သူက ပါးစပ်ကဘာမှမပြောဘဲ ကိုယ့်ကျောပေါ်ကစာရွက်မှာ ပုံတစ်ပုံ တိတ်တိတ်လေးဆွဲလိုက်တယ်။ ကိုယ်က သူဘာပုံဆွဲလိုက်တယ်ဆိုတာကို အထိအတွေ့သက်သက်နဲ့ မှန်းဆပြီး ကိုယ့်ရှေ့ကလူရဲ့ကျောပေါ်မှာ ထပ်ဆွဲရတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ထပ်ဆင့်ပုံတွေဆွဲကြပြီး နောက်ဆုံးတစ်ယောက်က ကျောက်သင်ပုန်းပေါ် ဆွဲပြရတယ်။ ဒီဂိမ်းက လူတန်းရှည်လေ ဂိမ်းကစားပေးသူ ဆွဲပေးတဲ့မူလပုံနဲ့ မဆိုင်တဲ့ပုံထွက်လေပါပဲ။ ဦးဆောင်ကစားတဲ့သူဆွဲတဲ့ပုံအတိုင်းထွက်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ ဒီလိုဘာကြောင့်ဖြစ်သလဲ။

လူတွေဟာ တစ်ယောက်အကြောင်းတစ်ယောက်သိဖို့ ဒါမှမဟုတ် အကြောင်းအရာတစ်ခုအကြောင်း သိရှိနိုင်ဖို့အတွက် သတင်းအချက်အလက်တွေကိုအသုံးချကြပါတယ်။ ဒီအချက်အလက်တွေကို မျက်မြင်ကိုယ်တွေ့မြင်ပြီး ရရှိတာဖြစ်နိုင်တယ်။ နားနဲ့တဆင့်ကြားတာဖြစ်နိုင်တယ်။ အထိအတွေ့ကတဆင့် သိတာဖြစ်နိုင်တယ်။ ဒါတွေကိုအသုံးချပြီး လူတစ်ယောက်၊ အကြောင်းအရာတစ်ခုအပေါ် ကျွန်တော်တို့တွေဟာ ကောက်ချက်ဆွဲကြတယ်။ ဒီဥပမာကိုကြည့်ရအောင်။

ကိုယ့်ရည်းစားက ဗိုက်နာတယ်ဆိုပါစို့။ တနေ့က အချဥ်အစပ်တွေအလွန်အကျွံစားမိကြောင်း သူကပြောပြမယ်။ ဒီတော့ ကိုယ့်မှာသိထားတာက သူအချဥ်အစပ်စားထားလို့ ဗိုက်နာတယ်ဆိုတဲ့အချက်အလက်ရှိမယ်။ ဆရာဝန်ဆီသွားပြတော့ ကိုယ်သိထားတဲ့ အချဥ်အစပ်စားကြောင်းအချက်အလက်ကို ဆရာဝန်ကိုပြောပြမယ်။ ဆရာဝန်ကလည်း ကိုယ်ပြောတဲ့အချက်အလက်အပေါ်မူတည်ပြီး ဗိုက်နာသက်သာအောင် ဆေးတချို့ပေးတယ်ပေါ့။ ဒါပေမယ့် ကိုယ့်ရည်းစားက မသက်သာသွားဘူး။ ပိုနာလာတယ်။ တကယ်တမ်းကျ ဓမ္မတာနီးလို့ ဗိုက်အောင့်ဗိုက်နာတာဖြစ်နေတယ်။ ကိုယ့်ရည်းစားကိုယ်တိုင်ကလည်း ဒီအချက်အလက်ကို ထည့်တွက်ဖို့မေ့လျော့နေခဲ့တယ်။ မေ့လျော့နေတော့ ကိုယ့်ကို ဒီအချက်အလက်မပေးခဲ့မိဘူး။ ဒီတော့ ဆရာဝန်ကလည်း လိုအပ်တဲ့အချက်အလက်တစ်ခု လစ်ဟာသွားသလို ပေးတဲ့ဆေးကလည်း ခုတ်ရာတခြား ရှရာတခြားဖြစ်သွားတယ်။ ဒါဟာ လူတစ်ယောက်နဲ့တစ်ယောက်ကြား သတင်းအချက်အလက်အပြည့်အစုံမရခြင်းကနေ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအသေးမွှားကိစ္စလေးတစ်ခုပါပဲ။ ဒါပေမယ့် အကယ်၍သာ Monster ရုပ်ရှင်ထဲကလို ပြဿနာအကြီးကြီးတွေဖြစ်လာမယ်ဆိုရင်ရော။

Photo credit goes to BBC

ဒီမှာ အပေါ်ဆုံးက ဂိမ်းနဲ့သွားပြီး ပြန်ချိတ်ဆက်ကြပါမယ်။ အစကဆွဲတာတော့ ပန်းသီးပုံပဲ၊ ပထမဆုံးပုံအဆွဲခံရတဲ့သူက ပန်းသီးပုံစံကို ရိပ်သံဖမ်းပြီး ပုံစံခပ်ဆင်ဆင်တူတဲ့ လိမ္မော်သီးပုံဆက်ဆွဲတယ်။ နောက်တစ်ယောက်က လိမ္မော်သီးပုံကို သူ့ကျောမှာ သေးသေးလေးဆွဲသွားလို့ သံပုရာသီးပုံဆက်ဆွဲမယ်။ ဒီလိုနဲ့ တဖြေးဖြေး ပန်းသီးဆိုတဲ့အမှန်တရားကနေ ဝေးလာပြီး လူတစ်ယောက်ချင်းစီ ကိုယ်ပိုင်ကောက်ချက်ဆွဲထားတဲ့အသီးတွေဖြစ်သွားကြတယ်။ ဘာကြောင့်ဒီလိုဖြစ်သလဲဆိုတော့ ပုံဆွဲနေသူတွေအားလုံးအနက်မှာ ပန်းသီးပုံဆွဲတဲ့သူကသာ “ပန်းသီး” လို့ပြောတာကိုနားထောင်တဲ့ “အကြား” အချက်အလက်၊ ကိုယ်တိုင်ရေးဆွဲတော့ “အမြင်” အချက်အလက် ၂ ခုစလုံးကို အပြည့်အဝရရှိပြီး နောက်လူတွေက ကျောပေါ်က ခဲတံ “အထိအတွေ့” ဆိုတဲ့အချက်အလက်တစ်ခုတည်းကိုသာ ရရှိကြလို့ဖြစ်ပါတယ်။ တနည်းအားဖြင့် အချက်အလက်မပြည့်စုံခြင်းရဲ့ အကျိုးဆက်ကို မြင်ရတာပါပဲ။

Minato ရဲ့အမေက သူ့သားလေး ဆံပင်တွေညှပ်ပစ်တာ၊ ညကြီးမိုးချုပ် တောအုပ်ထဲရောက်နေတာ စတဲ့အချက်အလက်တွေအပေါ် အခြေခံပြီး ကျောင်းမှာပြဿနာတစ်ခုခုရှိရမယ်လို့ ကောက်ချက်ချတယ်။ ဒီတော့ ကျောင်းမှာ ဆရာ Hori နဲ့ထိပ်တိုက်တွေ့တယ်။ ဆရာ Hori က ကျောင်းခန်းထဲက သူများလွယ်အိတ်တွေ ဆွဲထုတ်နေတဲ့ Minato ရဲ့အပြုအမူကိုမြင်လိုက်တဲ့အချက်အလက်အပေါ် အခြေခံပြီး ဒီကလေးက အနိုင်ကျင့်တဲ့ကျောင်းသားလို့ ကောက်ချက်ချတယ်။ Minato ကို ဆိုးတယ်လို့မြင်တဲ့ ကျောင်းသူက ကြောင်သေတစ်ကောင်တွေ့တော့ ဒါ Minato လက်ချက်ပဲဖြစ်ရမယ်လို့ ကောက်ချက်ချပြန်တယ်။ တကယ်တမ်းကျ ကျွန်တော်တို့အားလုံး Monster ရုပ်ရှင်မှာ မြင်ခဲ့ရတဲ့အတိုင်းပဲ Minato ဟာ သူနဲ့ Yori ကြားမှာ ခင်မင်မှုရှိတယ်ဆိုတဲ့ အချက်အလက်ကို ဖုံးကွယ်ထားတာဖြစ်နေတယ်။ ဒီအချက်အလက်မပေါ်လာအောင် အခြားအချက်အလက်တွေနဲ့ လမ်းလွှဲရတယ်။ သူလမ်းလွှဲထားတဲ့အချက်အလက်တွေအပေါ် အခြေခံပြီး အမေဖြစ်သူနဲ့ ဆရာဖြစ်သူတို့က ကောက်ချက်အမှားတွေချမိကြတယ်။

တကယ်လို့သာ Monster ရုပ်ရှင်ရဲ့ဇာတ်ကောင်တွေအားလုံးဟာ Minato နဲ့ Yori တို့ရဲ့အခက်အခဲတွေကို အမှန်အတိုင်းသိရှိဖို့ လိုအပ်တဲ့သတင်းအချက်အလက်တွေအားလုံးရရှိခဲ့တယ်ဆိုရင် သူတို့ကြားမှာ အဖုအထစ်တွေရှိပါ့မလား။ အနည်းဆုံးတော့ မူရင်းပြဿနာဟာ ဘာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းသိသွားကြမှာပါပဲ။ ဒါပေမယ့် လူကြီးတွေရဲ့ ရှေးရိုးစွဲအယူတွေနဲ့ ကလေးငယ်တွေရဲ့ အကြောက်တရားတွေက အချက်အလက်အားလုံးသိရှိခွင့်ရဖို့ရာ အဟန့်အတားဖြစ်စေခဲ့တယ်။ ကျွန်တော်တို့တွေ နေ့စဥ်ဘဝမှာရော အခြားသူအပေါ်၊ ဖြစ်စဥ်တစ်ခုအပေါ် အချက်အလက်တွေ အလုံးစုံမသိဘဲ ဘယ်လောက်အထိ ကောက်ချက်ချမိနေကြသလဲ။ လူတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆိုတွေကို ကောင်း၏၊ ဆိုး၏ ဆုံးဖြတ်နိုင်ဖို့ ကိုယ့်မှာ အချက်အလက်အလုံအလောက်ရှိကြရဲ့လား။ သတင်းအချက်အလက်တွေ ပွင့်ပွင့်လင်းလင်း ဖလှယ်နိုင်ဖို့ ဘယ်အရာတွေက အတားအဆီးဖြစ်နေကြသလဲ။

Monster ရုပ်ရှင်ဟာ လူသားတွေအနေနဲ့ အမှန်တရားကို ကိုယ့်ရဲ့ရှုထောင့်ကနေ ဘယ်လိုတည်ဆောက်ကြသလဲ၊ ကိုယ်တည်ဆောက်ထားတဲ့အမှန်တရားဟာ စင်စစ် ဘယ်အတိုင်းအတာအထိမှန်ကန်သလဲဆိုတာကို မေးခွန်းထုတ်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့တွေရော အင်တာနက်ပေါ်မှာဖြစ်စေ၊ ပြင်ပလောကမှာဖြစ်စေ အဖြစ်အပျက်တစ်ခုအပေါ် ကောက်ချက်ချဆုံးဖြတ်နိုင်ဖို့အတွက် အချက်အလက်အလုံအလောက်ရကြပါရဲ့လား။ ဂိမ်းဦးဆောင်ကစားသူ ဆွဲတဲ့ပုံအတိုင်း နောက်ဆုံးမှာ ထပ်တူကျအောင်ဆွဲနိုင်မယ်လို့ အာမခံနိုင်ရဲ့လား။

Leave a comment