လူအိုများအတွက် အငြိမ်းစားနိုင်ငံတော်မရှိ

No Country for Old Men အတွေးစများ

ဟောလိဝုဒ်ရုပ်ရှင်တွေက ကျွန်တော်တို့ကို ဆုချလေ့ရှိတယ်ပြောရင် ယုံကြမလား။ အဓိကဇာတ်လိုက်က ကျည်ဆံမှန်ရင်တောင် အင်္ကျီအိတ်ကပ်ထဲက အကြွေစေ့ကိုမှ တည့်တည့်မှန်ပြီး အသက်ဘေးကလွတ်တာမျိုး၊ ဗီလိန်နှိပ်စက်တာကို ပေါင်းစုံခံရပေမယ့် ဇာတ်သိမ်းမှာ ဇာတ်လိုက်ပဲ အလဲထိုးအနိုင်ယူသွားတာမျိုး၊ မတရားစွပ်စွဲခံရတဲ့ဇာတ်လိုက်က နောက်ဆုံးမှာ အမှန်တရားကိုသက်သေပြသွားတာမျိုး ဖန်တရာတေနေတဲ့ ဆုပေးနည်းတွေပေါ့။

ရုပ်ရှင်ကြည့်တဲ့သူတွေကလည်း ဒီလိုဆုချတာကို သိစိတ်က သတိမထားမိရင်တောင် မသိစိတ်ထဲကနေ ကျေနပ်အားရလေ့ရှိကြတယ်။ ဇာတ်လိုက်အတွက် ဒါမှမဟုတ် ဗီလိန်အတွက် တရားမျှတမှုတစ်ခုခုရသွားမှ ရုပ်ရှင်ကားတစ်ကားဟာ ပြီးပြည့်စုံသယောင်ခံစားရတယ်။ ဟောလိဝုဒ်ရုပ်ရှင်ကားတွေလိုပဲ ကိုယ့်ရဲ့ဘဝကလည်း လှပပြီး ကျေနပ်စရာကောင်းတဲ့ဇာတ်သိမ်းခန်းကို ပိုင်ဆိုင်ခွင့်ရလိမ့်မယ်ဆိုတဲ့ အတွေးလည်း စိမ့်ဝင်လာကြတယ်။ ရေပွက်ပမာဘဝတွေကို မေ့လျော့ပြီး “ကိုယ်က တခြားသူတွေထက် ပိုထူးနိုင်ပါတယ်လေ” ဆိုတဲ့ပုံရိပ်ယောင်တစ်ခုနဲ့ ရှင်သန်လာကြတယ်ပြောရမှာပေါ့။

တဖက်မှာလည်း Up, The Notebook, Shawshank Redemption တို့လိုရုပ်ရှင်တွေက ငယ်ရွယ်တုန်းမှာ ဘယ်လောက်ပဲ အခက်အခဲတွေ၊ မတရားတာတွေကြုံရပါစေ အိုမင်းလာတဲ့ချိန်မှာတော့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းရမှာပဲဆိုတဲ့ အတွေးတွေဝင်စေပြန်တယ်။ တသက်လုံး ဒုက္ခတွေခါးစည်းခံခဲ့ရတာတွေအတွက် ဘုရားသခင်ဟာ ဘဝတစ်ကွေ့မှာတော့ ဆုလာဘ်ကြီးကြီးမားမားပေးအပ်မှာပါလေဆိုတဲ့ မျှော်လင့်ချက်လည်း ပါမှာပေါ့လေ။

၂၀၀၇ ခုနှစ်က အော်စကာအကောင်းဆုံးရုပ်ရှင်ဆုရခဲ့တဲ့ No Country for Old Men ရုပ်ရှင်ကို အတော်များများက Anti-Hollywood (ဟောလိဝုဒ်ဆန့်ကျင်) ရုပ်ရှင်လို့ခေါ်ကြတယ်။ အများစုလည်း ကြည့်ဖူးကြပြီးပြီလို့ ထင်ပါတယ်။ ပုံမှန်ဟောလိဝုဒ်ရုပ်ရှင်ထဲမှာသာဆိုရင် ငွေထုပ်ကြီးရှာတွေ့တဲ့ Llewelyn ဟာ Anton အပါအဝင် အခက်အခဲပေါင်းသောင်းခြောက်ထောင်ဖြတ်ကျော်လာခဲ့ပြီး အကောင်းဆုံးတိုက်ခန်းတစ်ခန်းမှာ ဘီယာအေးအေးတစ်ခွက်နဲ့ ဇိမ်ယူနေလောက်ရောပေါ့။ ရဲမှူးကြီး Ed Tom လည်း Llewelyn ကို ကယ်နိုင်ခဲ့မယ်၊ Anton ကို ဖမ်းနိုင်ခဲ့မယ်၊ ကမ္ဘာကြီးဟာ သူနားလည်တဲ့ပုံစံအတိုင်းပဲ ဆက်ပြီးလည်ပတ်နေမယ်ပေါ့။ Anton လည်း သူရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေအတွက် ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးအပ်ခံရမယ်ပေါ့။ ဒါတွေဟာ တကယ်တမ်းတော့ ဇာတ်ကောင်တစ်ယောက်ချင်းစီအတွက် ရုပ်ရှင်ကြည့်ရှုသူက မသိမသာတောင့်တမိတဲ့ အကောင်းဆုံးစိတ်ကူးတွေပဲမဟုတ်လား။ No Country for Old Men ကတော့ ပရိသတ်ရဲ့ စိတ်ကူးတွေကို ပိတ်ကားပေါ်မှာတောင် အတင်မခံခဲ့ဘူး။ ဒီရုပ်ရှင်မှာ ဇာတ်ရှိန်အတက်အကျရယ်လို့လည်းမရှိ၊ ဇာတ်ကောင်တွေမှာ ဇာတ်လမ်းဒိုင်းကာလည်းမရှိ၊ သူတို့အတွက် တရားမျှတမှုဆိုတာလည်း အပြင်ကလောကကြီးအတိုင်း ဟာသတစ်ပုဒ်လို။ Ed Tom ဆိုရင် အချိန်တန်လို့ အသက်ကြီးလာတဲ့အခါ အရာအားလုံး ငြိမ်းချမ်းသွားမှာပါလေဆိုတဲ့ စိတ်ကူးစိတ်သန်းလေးတောင် ရုပ်ရှင်ထဲမှာ ရှင်သန့်ခွင့်မရခဲ့ဘူး။ ပိတ်ကားပေါ်မှာ ပေါ်လာတာနဲ့ ကြောက်ရပါတဲ့ Anton တစ်ယောက် ဇာတ်သိမ်းမှာတော့ ဝဋ်လည်မှာပဲလို့ ထင်မိရင် အကြီးကြီးထပ်မှားပြန်ဦးမယ်။

No Country for Old Men ဟာ ဘဝအချိုးအကွေ့တစ်ခုမှာ ဆုလာဘ်တစ်ခုစောင့်ဆိုင်းနေမှာကို မျှော်လင့်မိတဲ့ ကျွန်တော်တို့တွေကို သတ်ချတဲ့ရုပ်ရှင်လို့ပြောရမယ်ထင်ပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ လိုချင်လှပါတယ်ဆိုတဲ့ ငွေထုပ်ကြီးတွေ၊ ငြိမ်းချမ်းမှုတွေ၊ လက်စားချေခွင့်တွေကို ဖမ်းဆုပ်နိုင်ဖို့ဆိုတာ ဟောလိဝုဒ်အက်ရှင်ရုပ်ရှင်တွေထဲကလောက် လွယ်မနေဘူးမဟုတ်လား။ ကမ္ဘာကြီးရဲ့ စည်းချက်ကင်းမဲ့မှုတွေ၊ ခေတ်အဆက်ဆက်ကြမ်းတမ်းရက်စက်မှုတွေကြားမှာ ကျွန်တော်တို့တွေဟာ ဘဝနေမဝင်ခင် တချိန်ချိန်မှာတော့ စည်းချက်ညီပြီး ငြိမ်းချမ်းတဲ့နေရာတစ်ခုကို ရှာတွေ့မယ်လို့ ထင်မှတ်ကြတာပါပဲ။ အခုလိုခေတ်အခြေအနေမျိုးမှာဆို ဒီမျှော်လင့်ချက်တွေဟာ ပိုလို့တောင် အားထက်သန်ပါသေးရဲ့။ ဒါပေမယ့်လည်း ဘဝအတက်အကျမျိုးစုံကိုဖြတ်သန်းခဲ့ပြီးတဲ့လူအိုတွေ ဘဝရဲ့နောက်ဆုံးအချိန်အခိုက်အတန့်တွေကို အေးအေးချမ်းချမ်းအနားယူဖြတ်သန်းနိုင်မယ့် အငြိမ်းစားနိုင်ငံတော်တစ်ခုကိုတောင် အာမခံချက်မပေးနိုင်တဲ့ ဒီလောကကြီးမှာ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူငယ်တွေအတွက် ငြိမ်းချမ်းရာဆိုတာ ဗလာနတ္တိပါပဲ။ No Country for Old Men ရဲ့ဇာတ်သိမ်းခန်းအပြီးခံစားချက်လိုမျိုး တကယ်ကို ဗလာနတ္တိပါပဲ။

ပုံရိပ်ယောင်အိပ်မက်တွေ၊ မျှော်လင့်ချက်အပိုင်းအစတွေနဲ့ တည်ဆောက်ထားတဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေကြားမှာ ဒီရုပ်ရှင်က အော်စကာအကောင်းဆုံးရုပ်ရှင်ဆုဆွတ်ခူးခဲ့တာလည်း ဇောက်ထိုးစကားတစ်ခွန်းကြားရသလိုများ ဖြစ်နေမလား။ ဘဝလမ်းအဆုံးအထိ လဲကျတလှည့်၊ ရုန်းထတလှည့် ကြိုးစားလျှောက်သွားသည့်တိုင် ငြိမ်းချမ်းရာဆိုတဲ့ဆုလာဘ်ကို ရှာမတွေ့ခဲ့ရင် ဆယ်စုနှစ်တွေများစွာဖြတ်သန်းလာခဲ့ရတဲ့ ကိုယ့်ဘဝဟာ အဆုံးသတ်မှာ လှောင်ရယ်စရာဟာသတစ်ပုဒ်ဖြစ်သွားမလား။

Leave a comment