ကိုယ်စီကျိုးပဲ့အိပ်မက်များ

Broken Dreams ဟာ တော်လှန်ရေးကာလအတွင်းမှာ ကျွန်တော်တို့အချင်းချင်းကြား လူသားဆန်သောကမ်းလက်များ ဒီထက်ပိုပြီးပေါ်ထွက်လာဖို့ အထောက်အကူပေးပါလိမ့်မယ်။

Broken Dreams – ကျိုးပဲ့အိပ်မက်များ” ဟာ မြန်မာပြည်အာဏာသိမ်းမှုနောက်ကွယ်က ဇာတ်လမ်းတွေကို ပြောပြတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ၉ ပုဒ်ကို ပေါင်းစည်းထားတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ တစ်ကားစီဟာ အကြောင်းအရာမတူညီသလို အာဏာသိမ်းဖြစ်စဥ်ရဲ့ ရိုက်ခတ်မှုအပေါ် ချဥ်းကပ်ပုံ၊ တင်ဆက်ပြသပုံတွေလည်း ကွဲပြားကြပါတယ်။ တစ်ကားချင်းစီကနေ ပေးချင်တဲ့ခံစားချက်တွေ၊ အတွေးတွေကလည်း တစ်မျိုးတစ်ဖုံစီ ကွာခြားကြပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ဇာတ်လမ်းတို ၉ ကားလုံးမှာ တူညီတာတစ်ချက်တော့ရှိပါတယ်။ ဒီဇာတ်လမ်းတွေအားလုံးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ပြိုလဲပျက်စီးသွားတဲ့ လူတန်းစားအလွှာစုံ၊ ကဏ္ဍစုံက မြန်မာနိုင်ငံသားတွေရဲ့ ကျိုးပဲ့အိပ်မက်တွေကို ထင်ဟပ်ပြထားတာပါ။

တော်လှန်ရေးကာလတလျှောက်မှာ ကျွန်တော်တို့တွေ မကြာခဏကြုံရ၊ ကြားရတဲ့ ပဋိပက္ခတစ်ခုရှိပါတယ်။ ဘယ်သူက ပိုသာတယ်၊ ဘယ်သူကပိုနာတယ်ဆိုတဲ့ စကားလုံးတိုက်ပွဲတွေအောက်မှာ ကျွန်တော်တို့တွေရဲ့ စိတ်ခံစားချက်တွေနဲ့ နာကျည်းချက်ကို အချင်းချင်းမျက်ကွယ်ပြုမိကြတာပါ။ Broken Dreams ဟာ ဒီအချက်ကို သုံးသပ်ဆင်ခြင်မိစေဖို့ အကောင်းဆုံးအထောက်အကူပေးပြီး အာဏာသိမ်းဖြစ်စဥ်ရဲ့ ကြီးမားတဲ့နောက်ဆက်တွဲရိုက်ခတ်မှုတစ်ခုဖြစ်တဲ့ စိတ်ဒဏ်ရာ (trauma) တွေ၊ ပြင်းထန်စိတ်ဖိစီးဒဏ်သင့်ဝေဒနာ (PTSD) တွေကို သေချာထင်ဟပ်ပြနိုင်တာ တွေ့ရပါတယ်။

တကယ်တော့ ကျွန်တော်တို့အားလုံးဟာ လွန်ဆန်မရတဲ့အခြေအနေတွေ၊ ဖိအားတွေနဲ့ ဆုံးဖြတ်ချက်တွေကြောင့်သာ တော်လှန်ရေးမှာ ပါဝင်ရပုံချင်း တူချင်မှတူပါလိမ့်မယ်။ ဒါပေမယ့် အားလုံးမှာ ကိုယ်စီကျိုးပဲ့အိပ်မက်တွေကို သိမ်းဆည်းထားရတာချင်းတော့ အတူတူပါပဲ။ အသက်လုနေရတဲ့ PDF ရဲဘော်မှာလည်း ကျိုးပဲ့အိပ်မက်ရှိမယ်။ စစ်ကြောရေးမှာ နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့ လူငယ်အမျိုးသမီးတစ်ယောက်မှာလည်း လွတ်မြောက်လာသည့်တိုင် ဒီအိပ်မက်ဆိုးကြီးကနေ ရုန်းထွက်ချင်တဲ့ ကျိုးပဲ့အိပ်မက်ရှိမယ်။ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးအကျဥ်းချမှုကြောင့် ဝေးကွာသွားခဲ့ရတဲ့ သူငယ်ချင်း ၂ ယောက်မှာလည်း ပြန်လည်ဆုံစည်းရချိန်မှာ ကျိုးပဲ့အိပ်မက်ကိုယ်စီနဲ့။

ဆန္ဒပြပွဲတွေမှာ တက်ကြွလက်ကြွပါဝင်ရင်း အသက်ပေးခဲ့ရသူ ဆေးကျောင်းသူလေးနွေဦးနဲ့ သူ့မိခင်မှာလည်း ကျိုးပဲ့အိပ်မက်တွေရှိခဲ့တာပဲ။ နေဝင်ချိန်တွေကိုငေးမောကြည့်ရင်း မေးခွန်းထုတ်နေတဲ့ မိန်းကလေးနဲ့ အချိန်ခရီးသွားပြီး အာဏာရူးဘုရင်ကို သွားတွေ့တဲ့ လူတစ်ယောက်မှာလည်း သိချင်တဲ့မေးခွန်းကိုယ်စီနဲ့ ကျိုးပဲ့အိပ်မက်အပိုင်းအစတွေနဲ့။ အကြမ်းဖက်အာဏာရှင် မင်းအောင်လှိုင် ကျရှုံးသွားပြီဆိုတဲ့ ရေဒီယိုသတင်းကြားအပြီးမှာ “အိမ်ပြန်ရတော့မယ် ပျော်ရတာချိုလိုက်တာ” လို့ရေရွတ်နေသူ မိန်းကလေးငယ်မှာလည်း ပျိုးပင်ကလေးအောက်မှာ ကျိုးပဲ့အိပ်မက်တွေနဲ့ပေါ့။

ရုပ်ရှင်ကြည့်ရတာကြိုက်တဲ့ ကရင်နီညီအစ်မ ၂ ယောက်မှာလည်း စစ်အာဏာရှင်ကြောင့် နေရပ်ရွာကို စွန့်ပြေးရင်း၊ ကျိုးပဲ့ခဲ့ရတဲ့အိပ်မက်တွေကို ပွေ့ပိုက်ရင်း၊ ပိတ်ကားပေါ်ကနေ ကျွန်တော်တို့ကို မေးခွန်းထုတ်ရင်း။ ကိုကာကိုလာပုလင်းထဲက ငါးကလေးဟာလည်း စမ်းချောင်းငယ်ကို တွေးမျှော်ရင်း၊ ပုလင်းထဲမှာ ရုန်းကန်ရင်းနဲ့ မွန်းကြပ်နေရော။ ချစ်သူကောင်မလေးနဲ့ မခွဲမခွာနေချင်သူမှာလည်း လက်ဆုပ်လက်ကိုင်ပြခွင့်မရတော့တဲ့ ကျိုးပဲ့အိပ်မက်တွေရှိနေပြန်တယ်မဟုတ်လား။

Broken Dreams ဟာ ပြည်တွင်းမှာ စစ်အာဏာရှင်ရဲ့ရိုက်ခတ်မှုတွေကို နေ့စဥ်နဲ့အမျှ ပိတ်လှောင်ခံစားနေရသူတွေကိုလည်း ကိုယ်စားပြုတယ်။ တောတွင်းမှာ လက်နက်ကိုင်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကိုလည်း ကိုယ်စားပြုတယ်။ အထဲမှာ လပေါင်းများစွာ နှိပ်စက်ညှင်းဆဲခံခဲ့ရတဲ့၊ ခံနေရဆဲ တော်လှန်ရေးဘက်တော်သားများကိုလည်း ကိုယ်စားပြုတယ်။ စစ်အာဏာရှင်တွေကြောင့် အိုးအိမ်စွန့်ပစ်ပြေးရသူ၊ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရသူတွေကိုလည်း ကိုယ်စားပြုတယ်။ တော်လှန်ရေးကာလအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အသက်ပေးခဲ့ရသူတွေရဲ့ ဝိညာဥ်တွေကိုလည်း ကိုယ်စားပြုတယ်။ အသက်ရှင်ကျန်ခဲ့ရပေမယ့် အပြစ်မကင်းဘူးဆိုတဲ့စိတ်နဲ့ အခါခါသေနေရသူတွေကိုလည်း ကိုယ်စားပြုပြန်တယ်။ ကျွန်တော်တို့အနေနဲ့ သေချာတပ်အပ်ပြောနိုင်တာတစ်ခုက Broken Dreams ကိုကြည့်အပြီးမှာ တော်လှန်ရေးရဲ့ မတူညီတဲ့အလွှာစုံကို ရောက်နေကြသူအချင်းချင်းကြား တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားတွေ နည်းပါးလာပြီး ကိုယ်ချင်းစာတတ်လာမယ်ဆိုတာပါပဲ။

အခုဆိုရင် Broken Dreams ရုပ်ရှင်ဟာ ၂၉ ကြိမ်မြောက် ကာလကတ္တားရုပ်ရှင်ပွဲတော်ရဲ့ Asian Select ကဏ္ဍမှာ အကောင်းဆုံးရုပ်ရှင်ဆု “NETPAC Award” ကို ဆွတ်ခူးရရှိထားသလို နိုင်ငံတကာက ပြည်ပရောက်မြန်မာပြည်သူတွေဆီ လှည့်လည်ပြသပြီး တော်လှန်ရေးအတွက် တထောင့်တနေရာက ကူညီအားဖြည့်နေပါပြီ။ ပြည်ပရောက်မြန်မာပြည်သူများအနေနဲ့ ကိုယ့်ရဲ့နေရပ်ဌာနီကို Broken Dreams လာရောက်လည်ပတ်တဲ့အခါ သွားရောက်အားပေးကြည့်ရှုကြဖို့ အထူးတိုက်တွန်းချင်ပါတယ်။ အသေးစိတ်အချက်အလက်များကို ဖတ်ရှုလေ့လာနိုင်ဖို့အတွက် Broken Dreams ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုလည်း ကွန်းမန့်မှာထည့်ပေးထားပါမယ်။ ဒီရုပ်ရှင်ဇာတ်လမ်းတို (၉) ကားကိုကြည့်ရှုခြင်းအားဖြင့် တော်လှန်ရေးအတွက် ရံပုံငွေပါဝင်ကူညီပြီးသားဖြစ်ရုံသာမက တော်လှန်ရေးရဲ့ အခန်းကဏ္ဍစုံမှာ ပါဝင်နေသူတွေရဲ့ ကျိုးပဲ့အိပ်မက်များကိုပါ နားလည်ကိုယ်ချင်းစာနိုင်လာမှာသေချာပါတယ်။ Broken Dreams ဟာ တော်လှန်ရေးကာလအတွင်းမှာ ကျွန်တော်တို့အချင်းချင်းကြား လူသားဆန်သောကမ်းလက်များ ဒီထက်ပိုပြီးပေါ်ထွက်လာဖို့ အထောက်အကူပေးပါလိမ့်မယ်။

ဒီစကားဟာ “အိမ်ပြန်ရတော့မယ်…ပျော်ရတာ ချိုလိုက်တာ” ဆိုတဲ့စကားသံကြားအပြီး ပျိုးပင်ကလေးကိုငေးကြည့်ရင်း မျက်ရည်ဝဲခဲ့ရတဲ့ အိမ်ဝေးသူတစ်ယောက်ဆီက လာတဲ့ ရင်ဘတ်ထဲကစကားဖြစ်ပါတယ်။

Leave a comment