အငုံစိတ်ခံဘီလျံနာ (သို့) Mark Zuckerberg

The Social Network ရုပ်ရှင်အတွေးစ

ဒီဆောင်းပါးကို ဒီလူပိုင်တဲ့ပလက်ဖောင်းပေါ်တက်ရေးရတာ သူ့အိမ်ပေါ်တက်နေပြီး သူ့နောက်ကျောကို ဓားနဲ့ထိုးသလိုများဖြစ်နေမလားတော့ ကျွန်တော်မပြောတတ်ပါဘူး။ ဒါပေမယ့် ဒီလူကိုယ်တိုင်လည်း ကမ္ဘာ့အကြီးဆုံးဆိုရှယ်မီဒီယာပလက်ဖောင်းပိုင်ရှင်၊ ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာဆိုတဲ့ဂုဏ်ပုဒ်ကိုဖမ်းဆုပ်နိုင်ဖို့ နောက်ကျောတွေကို ဓားနဲ့ထိုးခဲ့တာပဲမဟုတ်လား။

နာမည်ကျော်ဇာတ်ညွှန်း‌‌ဆရာ Aaron Sorkins ရေးပြီး ဒါရိုက်တာ David Fincher ရိုက်ကူးထားတဲ့ The Social Network ရုပ်ရှင်ဟာ Mark Zuckerberg ဆိုတဲ့ အငုံစိတ်ခံ လူ့ဂွစာတစ်ယောက်ရဲ့ ဘီလျံနာခရီးလမ်းအကြောင်းဖြစ်တယ်။ သူတစ်ယောက်တည်းမှာပဲ အငုံစိတ်ရှိသလားဆိုတော့မဟုတ်ဘူး။ ဒီစိတ်က လူတိုင်းဆီမှာ အနည်းနဲ့အများ ကိန်းအောင်းနေကြတာချည်းပဲ။ ဒါပေမယ့် လူအတော်များများက Mark လောက် “ဇ” မရှိကြတာတော့ သေချာတယ်။

လူတွေ အားလုံးထက်တစ်မူးသာချင်တဲ့စိတ်က ​ရှိကြတာပါပဲ။ အပြင်သွားတဲ့အခါ လူတွေအားလုံးငေးမောကြည့်တာ ခံရတဲ့သူ ဖြစ်ချင်ကြတယ်။ စကားဝိုင်းတစ်ခုကိုရောက်တဲ့အခါ ကိုယ့်စကားနဲ့ ကိုယ့်အမြင်ကို အခရာဖြစ်စေချင်တယ်။ စင်ပေါ်မှာ ဆလိုက်မီးထိုးခံထားရတာ ကိုယ်ဖြစ်ချင်တယ်။ အချောဆုံး၊ အလှဆုံးလက်တွဲဖော်တွေနဲ့ ပျော်ပါးချင်ကြတယ်။ ကိုယ့်အတွက် သီးသန့်ဖန်တီးထားတဲ့အရာတွေကို ပိုင်ဆိုင်ချင်ကြတယ်။ တခြားလူတွေထက် အရာရာတပန်းသာချင်ကြတယ်။ ဒါဟာ လူတိုင်းရဲ့ ထုတ်မပြောတဲ့အိပ်မက်တစ်ခုပဲ။

Mark မှာလည်း အားလုံးနည်းတူ အဲ့ဒီအိပ်မက်ရှိခဲ့တာပေါ့။ ကျောင်းသားကလပ်တွေထဲမှာ အထူးသီးသန့်အဖြစ်ဆုံးကလပ်တွေကို သူဝင်ချင်ခဲ့တယ်။ ရည်းစားနဲ့စကားဝိုင်းမှာတောင် သူပြောနေတာကိုပဲ နားထောင်စေချင်ခဲ့တယ်။ လူတွေပါးစပ်ဖျားမှာ သူ့နာမည်ကို ရေရွတ်နေစေချင်တယ်။ အိမ်သာထဲမှာ မိန်းမချောတစ်ယောက်နဲ့ ချစ်ရည်လူးနေတာက သူဖြစ်ချင်တယ် စသဖြင့်။ တကယ်တော့ Mark ပုံစံက စာဂျပိုးရုပ်။ ကောလိပ်ကျောင်းသားတစ်ယောက်အတွက်တော့ သူ့ဖက်ရှင်က ပုံတုံးတုံး၊ လူကောင်က ခပ်ညှက်ညှက်။ စကားပြောတာမြန်လွန်းတာကိုကြည့်ရင် စိုးရိမ်ကြောင့်ကြစိတ်များပုံလည်းပေါ်တယ်။ အပေါင်းအသင်းကလည်း လက်တစ်ဖက်စာမပြည့်တဲ့အပြင် ဆက်ဆံရေးလည်းညံ့သေးတယ်။

ဒီတော့ သူ့ထက် ဉာဏ်အားဖြင့်မသာရင်တောင် အသွင်အပြင်ပိုင်းမှာသာတယ်လို့ (သူခံစားရတဲ့) လှေလှော်အသင်းသားတွေကို သူမကြည်ဘူး။ ပြတ်လုနီးနီးရည်းစားက ဝင်ရအလွယ်ဆုံးကျောင်းသားကလပ်ကစပြီး စဥ်းစားဖို့အကြံပေးတော့ သူဒေါသထွက်တယ်။ ဟားဗတ်လိုကျောင်းမျိုးမှာ သူများထက် ဉာဏ်ပိုကောင်းလို့ ဘာမှထူးခြားမသွားဘူးဆိုတာ သဘောပေါက်ထားတဲ့ Mark က သူ့အနေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပြမှ လူတွေသူ့ကိုသတိထားမိလာမယ်ဆိုတာ နားလည်ခဲ့တယ်။ ခက်တာက ဒီတစ်ကိုယ်ရည်ပန်းတိုင်နောက်ကို လိုက်ရင်း Mark ဟာ လူ့ဂွစာဖြစ်မှန်းမသိဖြစ်လာတာပဲ။ ဒါကိုသူကိုယ်တိုင်သိဟန်မပေါ်ဘူး။ ရည်းစားကို ဘောင်ကျော်ပြီးစကားကျွံမိတယ်။ ပြတ်သွားတဲ့အခါ တိရစ္ဆာန်နဲ့ခိုင်းနှိုင်းပြီး အင်တာနက်ပေါ်စာရေးတင်တယ်။ အခင်ဆုံးသူငယ်ချင်းက သူဂုဏ်ယူရတဲ့ကိစ္စတွေအကြောင်းပြောတဲ့အခါ Mark တစ်ယောက် ဟိုဖက်နားကဝင်ပြီး ဒီဖက်နားကထွက်သွားတယ်။ တခြားသူတွေရဲ့အမြင်တွေ၊ ခံစားချက်တွေကို ထည့်မစဥ်းစားတော့ဘူး။ သူ့ရဲ့အတ္တကိုသာ ရှေ့တန်းတင်လာတယ်။ ဒီလိုနဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ တစ်ဦးတည်းသောသူငယ်ချင်းက Mark ကို ဒေါ်လာသန်း ၆၀၀ လျော်ကြေးတောင်းတရားစွဲတာခံရတဲ့အထိ ရောက်လာတယ်။

ဒီရုပ်ရှင်မှာ Mark ကလွဲရင် ကျန်တဲ့ဇာတ်ကောင်တွေအားလုံးဟာ အရုပ်တွေသာသာပဲ။ Mark ဇာတ်ကောင်ကသာ ကြွနေပြီး ကျန်ဇာတ်ကောင်တွေက အပြောင်းအလဲမရှိတာကိုမြင်ရတယ်။ ပုံမှန်ရုပ်ရှင်တွေမှာ ဇာတ်ပို့တွေ ဇာတ်ကောင်တိုးတက်ပြောင်းလဲမှုမရှိတာဟာ အားနည်းချက်တစ်ခုဖြစ်ပေမယ့် The Social Network မှာတော့ ဒီအချက်ကပဲ ရုပ်ရှင်ကို ချီးမွမ်းစရာဖြစ်စေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ Mark အမြင်မှာ သူ့ဘေးနားကလူတွေဟာ သူ့လိုအင်ကိုဖြည့်ဆည်းပေးဖို့ လိုသုံးသာသာပဲ။ သူ့ပန်းတိုင်ကိုတက်နိုင်ဖို့ ကျောခင်းပေးရတဲ့ လူသားလှေကားထစ်တွေထက်မပိုဘူး။ Eduardo ဟာ သူအခင်ဆုံးသူငယ်ချင်းဖြစ်ကောင်းဖြစ်မယ်။ Sean Parker ဟာ သူသိပ်လေးစားရတဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ကောင်းဖြစ်မယ်။ Erica ကို သူအချစ်ဆုံးဖြစ်ကောင်းဖြစ်ခဲ့မယ်။ ဒါပေမယ့် ဒီအရာတွေက Mark တစ်ချိန်လုံး ဂရုတစိုက်နဲ့ကာကွယ်ထားတဲ့ ဒိုင်းကာကို ကျော်ဖြတ်ခွင့်ပေးဖို့တော့ မလုံလောက်ခဲ့ဘူး။

လူတိုင်းမှာ ဒိုင်းကာတစ်ချပ်စီရှိကြတယ်။ ကိုယ့်ရဲ့ အကြောက်တရားတွေ၊ စိတ်မလုံခြုံမှုတွေ၊ အငုံစိတ်တွေ၊ ဆိုးညဥ်တွေကို အများအမြင်ကနေ ဖုံးကွယ်ထားပေးတဲ့ ဒိုင်းကာတွေလို့ပြောရမှာပေါ့။ Mark မှာလည်း Phoenix Club ထဲဝင်ခွင့်ရသွားတဲ့ Eduardo အပေါ်မနာလိုတဲ့စိတ်၊ Erica ကိုချစ်ရက်နဲ့ စကားကျွံသွားတာကို ဝန်မခံလိုတဲ့စိတ်၊ Winklevoss အမွှာရဲ့အိုင်ဒီယာကိုဆင့်ပွားပြီး The Facebook ဖန်တီးခဲ့တာကို ကိုယ့်ကိုယ်ကိုယ်သိနေတဲ့စိတ်တွေကို ဖုံးကွယ်ပေးထားတဲ့ဒိုင်းကာတစ်ချပ်ရှိနေခဲ့တယ်။ ရုပ်ရှင်တလျှောက်မှာ သူ့ရဲ့ဒိုင်းကာ ကွာကျလာချိန်ဟာ နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်တဲ့ အစည်းအဝေးခန်းထဲမှာ သူတစ်ယောက်တည်း Facebook tab ကို refresh ထိုင်နှိပ်နေချိန်လေးပဲရှိခဲ့တယ်။ အခြားလူတွေရှေ့မှာတော့ Mark က သူ့ဒိုင်းကာကို လုံးဝအကွာမခံခဲ့ဘူး။

Mark ဘေးကလူတွေအတွက်ကတော့ ပြောင်းပြန်ဖြစ်ခဲ့တယ်။ Mark က သူ့ရဲ့အတ္တတွေ၊ အငုံစိတ်တွေနဲ့ တကိုယ်ရည်ပန်းတိုင်တွေကို သူများမမြင်နိုင်အောင် ဒိုင်းကာတစ်ခုနဲ့ ဖုံးကွယ်ထားပေမယ့် အခင်ဆုံးသူငယ်ချင်း Eduardo ကတော့ Mark နဲ့အတူစကားပြောချိန်၊ အလုပ်လုပ်ချိန်တွေမှာ သူ့ရဲ့ဒိုင်းကာကို ခွာချထားခဲ့တယ်။ ပိုက်ဆံလိုသလောက်ထုတ်ပေးခဲ့တယ်။ နယူးယောက်မှာ ၃ လလုံး မနားမနေ ကြော်ငြာရှင်ရှာပေးခဲ့တယ်။ Mark နဲ့ Erica ပြတ်သွားပြီဆိုတာတောင် သူသတင်းမေးခဲ့သေးတယ်မဟုတ်လား။ Erica ဟာလည်း Mark ကို ချစ်တဲ့စိတ်နဲ့ကြည့်ပြီး သင့်တော်မယ့်အကြံကို ပေးခဲ့တာပဲ။​ Sean Parker လို စီးပွားရေးအမျှော်အမြင်ရှိလှတဲ့သူ၊ စီးပွားရေးလောကမှာ မတရားတာမရှိဘူးဆိုတဲ့မူကို ကိုယ်တိုင်ကျင့်သုံးနေတဲ့သူတောင် Facebook သုံးစွဲသူ ၁ သန်းပြည့်သွားလို့ ပါတီပေးတဲ့အချိန် Facebook ဖန်တီးရှင် Mark က ဘာလို့အဲ့ဒီအိမ်မှာရှိမနေသလဲဆိုတာ မေးခွန်းထုတ်မိခဲ့လို့လား။

Mark ရဲ့အငုံစိတ်ကို တကယ်တော့ ဇာတ်ကောင်တွေအားလုံး အထင်းသားမြင်နေရတာပါပဲ။ သတိထားမကြည့်မိခဲ့ကြတာပဲရှိတယ်။ Facebook ဆိုတဲ့ထုတ်ကုန်ကြီးက Mark Zuckerberg ဆိုတဲ့ကောလိပ်ကျောင်းသားတစ်ယောက် ဟားဗတ်မှာ အများနည်းတူပိုင်ဆိုင်ခွင့်မရခဲ့တဲ့အရာတွေကနေ ပေါက်ဖွားလာတဲ့ အငုံစိတ်အပေါ် အခြေခံတည်ဆောက်ထားတာကိုး။ သူငယ်ချင်းဖြစ်ဖို့ ဘယ်ကလပ်ဝင်ထားလဲ၊ ဘယ်မေဂျာလဲ၊ အမှတ်ဘယ်နှမှတ်ရသလဲဆိုတာတွေ ပြောနေစရာမလိုဘဲ ခလုတ်တစ်ချက်ကလေးနဲ့ သူငယ်ချင်းဖြစ်ခွင့်ပို့လို့ရတယ်။ ကိုယ်စိတ်ထဲရှိရာကို စိတ်ကြိုက်ချရေးလို့ရတယ်။ ပြင်ပဘဝမှာ Mark အတွက် အံဝင်ခွင်ကျမဖြစ်တဲ့ လူစည်ကားရာ ဘားတွေ၊ နိုက်ကလပ်တွေကို သွားစရာမလိုဘဲ ကွန်ပြူတာပေါ်မှာတင် လူအများကြီးနဲ့ စကားပြောဆိုတုံ့ပြန်လို့ရတယ်။ ကိုယ်သဘောကျတယ်လို့ခံစားရတဲ့ ကောင်လေး၊ ကောင်မလေးတွေကို ငမ်းလို့ရတယ်။ ကိုယ်က ရည်းစားလိုချင်သလား၊ ရည်းစားရထားပြီလားဆိုတာကို ဖော်ပြလို့လည်းရတယ်။ Eduardo လိုလူမျိုးအတွက် ဒါတွေအားလုံးက ပါမွှားလေးဖြစ်ပေမယ့် Mark အတွက်တော့ Facebook ဆိုတဲ့ကြားခံနယ်တစ်ခုတည်ဆောက်လိုက်မှသာ Eduardo နီးပါး လူဂရုစိုက်ခံခဲ့ရတယ်။

Mark က Facebook ကို ဘီလီယံချီတန်တဲ့ထုတ်ကုန်ကြီးအဖြစ် ရည်ရွယ်ပြီးထုတ်ခဲ့တာမဟုတ်ဘူး။ Eduardo မတည်ပေးထားတဲ့ ဒေါ်လာ ၁၀၀၀ ကို အရင်းပြန်ရှာဖို့လည်း စိတ်ဝင်စားဟန်မပေါ်ဘူး။ သူစိတ်ဝင်စားတာဟာ သူ့အကြောင်းကို လူပြောများလာဖို့၊ Eduardo လို အထူးသီးသန့်ကလပ်တစ်ခုထဲဝင်ခွင့်ရတဲ့ အရသာကို ခံစားဖူးဖို့နဲ့ သူအမြင်ကတ်တဲ့ ဗလခပ်တောင့်တောင့်၊ ရုပ်ဖြောင့်ဖြောင့် လှေလှော်အသင်းသားတွေကို ကတုံးပေါ်ထိပ်ကွက်ဖို့ပဲ။ ဒါကြောင့်လည်း Eduardo ကြော်ငြာအပူတပြင်းရှာတော့ စိတ်ပါဝင်စားတဲ့ပုံ တစ်စက်မှမရှိခဲ့တာပေါ့။ ဒါပေမယ့် Sean Parker နဲ့တွေ့အပြီးမှာ Mark က သူ့ဖန်တီးမှုလက်ရာရဲ့ အလားအလာကို မြင်လာတယ်။ Eduardo ရဲ့ ပိုက်ဆံရှာမယ့်နည်းလမ်းတွေကို စိတ်မဝင်စားတာထက်ပိုလာပြီး အဟန့်အတားတစ်ခုလိုသဘောထားလာတယ်။ Eduardo တစ်ယောက် Facebook ကို ချဲ့ထွင်ဖို့ နယူးယောက်မှာ အလုပ်သင်တစ်ရက်ပဲဆင်းပြီး အလုပ်ထွက်၊​ ကြော်ငြာပတ်ရှာနေပေမယ့် Mark က Sean Parker နဲ့ပေါင်းပြီး Eduardo ကို ဘာမှအကြောင်းမကြားဘဲ ထင်ရာစိုင်းနေခဲ့တယ်။

ထင်ရာစိုင်းတယ်လို့ပြောတဲ့နေရာမှာ တစ်ခုတော့ရှိတာပေါ့။ Sean Parker က သမာရိုးကျစီးပွားရေးသမားမဟုတ်ဘူး။ တချိန်မှာ iTunes ဆိုတာကြီးဖြစ်လာစေမယ့် Napster ကို ၁၉ နှစ်အရွယ်မှာထောင်ခဲ့တဲ့သူ။ အမျှော်အမြင်ရှိတယ်၊ အဆက်အသွယ်ကောင်းတွေရှိတယ်။ Eduardo ကတော့ ဟားဗတ်က စီးပွားရေးကျောင်းသားဆိုတာထက်မပိုဘူး။ ​Eduardo က Facebook ပေါ်မှာ ကြော်ငြာထည့်မယ့်သူ ခက်ခက်ခဲခဲရှာနေရချိန် Sean Parker က Facebook အတွက် ဒေါ်လာသိန်းဂဏန်းရင်းနှီးမြုပ်နှံမယ့်သူ ချိတ်ပေးနိုင်နေပြီ။ ဒီတော့ Mark တစ်ယောက် ကိုယ့်သူငယ်ချင်းကို အသိမပေး၊ အဆက်အသွယ်မလုပ်ဘဲ ထင်ရာစိုင်းနေတဲ့လုပ်ရပ်က Facebook အမှတ်တံဆိပ်အတွက်ကောင်းဖို့လို့ လက်ခံရမလား။ ၃ လလုံးလုံး ရုန်းကန်ကြိုးစားနေရတဲ့ ကိုယ့်အခင်ဆုံးသူငယ်ချင်းအပေါ် မတရားရာကျနေမလား။ Mark ကတော့ ပထမအဖြေဖက်ကို ယိမ်းမယ်လို့ထင်တယ်။ သူ့ကိုအသိမပေးဘဲ ရင်းနှီးမြုပ်နှံသူရှာလိုက်တာကို မကျေနပ်တဲ့ Eduardo က သူ မ တည်ပေးခဲ့တဲ့စုစုပေါင်းဒေါ်လာ ၁၉၀၀၀ အကောင့်ကိုပိတ်လိုက်တော့ Mark က ဒေါသချောင်းချောင်းထွက်တာကိုပဲကြည့်လေ။ Eduardo ဘယ်လိုခံစားရမလဲဆိုတာ သူ စိုးစိလောက်တောင် ကိုယ်ချင်းစာကြည့်မိပါ့မလား။

အငုံစိတ်ခံနဲ့ လူတစ်ယောက်ဟာ အခွင့်အာဏာရလာရင် ဘယ်အတိုင်းအတာအထိ သူ့ရဲ့အငုံစိတ်ဇစ်မြစ်ကို တွန်းလှန်မလဲ။ Eduardo ရဲ့ဘဝကို အားကျခဲ့ရတဲ့ Mark ဟာ Facebook အမှတ်တံဆိပ်နဲ့အတူ လူသိများကျော်ကြားတဲ့သူဖြစ်လာသည့်တိုင် ဒီအမှတ်တံဆိပ်နောက်ကွယ်မှာ Eduardo Saverin ဆိုတဲ့နာမည်ပါနေသေးတာ၊ (သူမူလကတိပေးထားတဲ့ ၇၀/၃၀ အချိုးအရ) ရှယ်ယာ ၃၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်နေသေးတာကို မကျေနပ်ခဲ့ဘူး။ Mark Facebook နဲ့ပတ်သက်လာရင် “ငါ့အောင်မြင်မှု” လို့ပြောခွင့်မရဘဲ “ငါနဲ့ Eduardo ရဲ့အောင်မြင်မှု” လို့သုံးနှုန်းနေရတာကို မုန်းဟန်ပေါ်တယ်။ ဒီတော့ Eduardo ဒိုင်းကာကွာကျချိန်ကို အသုံးချပြီး လက်တစ်လုံးခြားစာချုပ်တွေမှာ လက်မှတ်ထိုးခိုင်းတယ်။ သူငယ်ချင်းအပေါ် အကြွင်းမဲ့ယုံတဲ့ Eduardo ခမျာ စီးပွားရေးလောကရဲ့ နှလုံးသားမဲ့ရက်စက်မှုတွေ၊ Mark ဖုံးကွယ်ထားတဲ့ဒိုင်းကာနောက်ကွယ်က အငုံစိတ်နဲ့ မနာလိုမှုတွေကို မမြင်နိုင်ဘဲ ဝမ်းသာအားရ လက်မှတ်ထိုးပေးခဲ့တယ်။ အဲ့ဒီစာချုပ်တွေက Eduardo အတွက် ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်လာမယ်ဆိုတာ သူမသိခဲ့ဘူး။

The Social Network ရုပ်ရှင်ပိုစတာမှာ ရေးထားတဲ့စကားက သိပ်လှတယ်။ “ရန်သူနည်းနည်းမမွေးဘဲနဲ့တော့ သူငယ်ချင်းပေါင်း သန်း ၅၀၀ ရမလာဘူး” တဲ့။ Eduardo ဟာ Mark အတွက် တစ်ဦးတည်းသောသူငယ်ချင်း။ Mark Zuckerberg ဆိုတဲ့နာမည်ကို တစ်ကမ္ဘာလုံးသိလာစေမယ့် Facebook ကိုဖန်တီးနိုင်ဖို့ ငွေကြေး မ တည်ပေးခဲ့တဲ့သူ။ Mark နဲ့ Erica ပြတ်စဲတဲ့အချိန်တုန်းက Mark ရဲ့ပေါက်ကွဲသံစဥ်တွေကိုဖတ်ပြီး စိတ်ပူခဲ့တဲ့သူ။ ဆိုးတူကောင်းဖက်အဖြစ် ရှိပေးခဲ့တဲ့သူ။ “ငါတို့” ဆိုတဲ့စကားကို တွင်တွင်သုံးပြီး အောင်မြင်မှုကို မျှဝေခံစားချင်ခဲ့သူ။ Mark ကတော့ အသုံးပြုသူပေါင်း (အွန်လိုင်းသူငယ်ချင်းပေါင်း) သန်း ၅၀၀ ပိုင်ဆိုင်ရပြီး Facebook ကို သူ့နာမည်တစ်လုံးနဲ့သာ တွဲမြင်ရေးအတွက် Eduardo လိုသူငယ်ချင်းမျိုးကို နောက်ကျောဓားနဲ့ထိုးပြီး ပြင်ပဘဝက တစ်ဦးတည်းသောသူငယ်ချင်းကို စွန့်လွှတ်ခဲ့တယ်။ ပိုက်ဆံကိုအာရုံမထားတဲ့ Mark အတွက် ကိုယ့်သူငယ်ချင်းကို ဒီလိုလုပ်ရက်တာဟာ ရှယ်ယာတွေအကုန်ပိုင်ဆိုင်ချင်ရုံကြောင့်တော့ မဖြစ်တန်ဘူး။ သူပိုင်တဲ့ရှယ်ယာတွေနဲ့တင် ဘီလျံနာဖြစ်နှင့်ပြီပဲကိုး။ ဒါဆို ဘာကြောင့်များပါလိမ့်။ ငါစွဲအတ္တများကြီးလွန်းသလား။ Eduardo အပေါ် မနာလိုစိတ်က ဘယ်အတိုင်းအတာအထိများရှိခဲ့သလဲ။ Eduardo ကို တကယ်ခင်ရောခင်ခဲ့ရဲ့လား။

Mark Zuckerberg က လူကောင်းတစ်ယောက်တော့မဟုတ်ဘူး။ သို့ပေမယ့် လူသားဆန်တဲ့လူတစ်ယောက်ဆိုတာတော့ မှန်နေလိမ့်မယ်။ ဇာတ်ကားတလျှောက်လုံး ဖုံးကွယ်လာတဲ့ ဒိုင်းကာကို ခွာချလိုက်ချိန် Erica ရဲ့ Facebook အကောင့်ကို friend request သွားပို့ပြီး လက်ခံနိုးနိုး refresh ထိုင်နှိပ်နေတာကိုကြည့်ရင် Mark တစ်ယောက် သူ့ရဲ့အအောင်မြင်ဆုံးလက်ရာကနေ တကယ်ပြန်လိုချင်ခဲ့တာဟာ ရှယ်ယာတွေ၊ ပိုက်ဆံတွေ၊ ကျော်ကြားမှုတွေ၊ စီးပွားမိတ်ဖက်တွေမဟုတ်ဘူး၊ တချိန်က သူပိုင်ဆိုင်ခဲ့တဲ့ နွေးထွေးတဲ့အချစ်မေတ္တာပဲ။ ကိုယ်တိုင်က အဲ့ဒီမေတ္တာတွေဆုံးရှုံးလိုက်ရချိန်မှာ တခြားလူတွေရနေတဲ့ မေတ္တာတွေ၊ ကျော်ကြားမှုတွေ၊ ကိုယ်ဝင်လို့မရခဲ့တဲ့ကလပ်တွေဟာ မနာလိုစရာဖြစ်လာတယ်။ အငုံစိတ်က ကြီးမားလာတယ်။ မကျေနပ်ချက်တွေ အလိုလိုများလာတယ်။ ဒီလိုနဲ့ အခွင့်အလမ်းပေါ်လာတော့ ကိုယ်မနာလိုခဲ့ရတဲ့လူတွေ၊ အဖွဲ့အစည်းတွေကို အသာစီးရယူဖို့ကြိုးစားရာကနေ အငုံစိတ်အခြေခံပြီး ဘီလျံနာဖြစ်တဲ့အထိ အောင်မြင်သွားတယ်။ တကယ်တမ်းတော့ ကျွန်တော်တို့တွေလည်း Mark Zuckerberg လိုသာ အခွင့်အရေးတစ်ခုရခဲ့မယ်၊ Eduardo လို လိုသုံးလုပ်လို့ရနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့မယ်၊ Sean Parker လို ကိုယ်ဖြစ်ချင်တာကို အကောင်အထည်ပေါ်အောင် လုပ်ပေးနိုင်မယ့်သူရှိခဲ့မယ်၊ ဒါတွေအားလုံးအပြင် Mark လိုလုပ်ရဲတဲ့အတ္တရှိခဲ့မယ်ဆိုရင် ကိုယ့်ရဲ့အငုံစိတ်ထဲက မကျေနပ်ချက်တွေကို ဘောင်ချာမစုတ်ဘူးလို့ ဘယ်ပြောနိုင်ပါ့မလဲ။

ဒါဖြင့် Mark Zuckerberg တစ်ယောက် အသက်အငယ်ဆုံးဘီလျံနာဖြစ်လာတာ သူတော်လို့၊ တတ်လို့မဟုတ်ဘူးပေါ့။ ဒီလိုပြောလို့လည်းမရပြန်ဘူး။ “ရှေးကုသိုလ်ကံ” ကြောင့်မဟုတ်တာတော့ သေချာပေမယ့် သူရင်းခဲ့ရတာတွေ ဘယ်နည်းမလဲ။ ဒီဂုဏ်ပုဒ်ကိုရဖို့ တော်ရုံလူမလျှောက်ရဲတဲ့လမ်းကို သူလျှောက်ခဲ့တယ်။ တော်ရုံလူမထိုးရဲတဲ့ဓားချက်တွေကို သူထိုးသွင်းခဲ့တယ်။ သူ့မှာရှိတဲ့ တစ်ဦးတည်းသောသူငယ်ချင်းကို စွန့်လွှတ်ခဲ့တယ်။ သူ့ကို ဘီလျံနာဖြစ်အောင် ဆွဲတင်ပေးခဲ့တဲ့ စီးပွားဖက်ကို ချောက်ချခဲ့တယ်။ သူမျက်မုန်းကျိုးတဲ့ လူ့အလွှာဆီက အိုင်ဒီယာတွေကို ဆွဲယူခဲ့တယ်။ ကျွန်တော်တို့ သူ့လောက် “ဇ” ရှိပါ့မလား။ သူ့လောက်အငုံစိတ်ပြင်းထန်ပါ့မလား။ သူ့လောက် အခြားလူတွေကို မျက်ကွယ်ပြုနိုင်ရဲ့လား။ Eduardo လိုသူငယ်ချင်းမျိုးကို ကျွန်တော်တို့စွန့်လွှတ်နိုင်ပါ့မလား။

The Social Network ရုပ်ရှင် အခြေခံထားတဲ့ ဝတ္ထုနာမည်က “မတော်တဆဘီလျံနာဖြစ်သွားသူများ” တဲ့။ Eduardo Saverin က Mark ကိုတရားစွဲဆိုမှုအပြီးမှာ လျော်ကြေး ဒေါ်လာသန်း ၆၀၀ အပြင် Facebook ရှယ်ယာ ၂% ပြန်ရပြီး ဘီလျံနာဖြစ်သွားတယ်။ Sean Parker က ဘိန်းပြဿနာကြောင့် Facebook ကနေ နှုတ်ထွက်သွားပေမယ့် သူပိုင်ဆိုင်တဲ့ရှယ်ယာတွေကြောင့် ဘီလျံနာဖြစ်နေဆဲပဲ။ Mark Zuckerberg ကိုတော့ “အငုံစိတ်ခံဘီလျံနာ” လို့ သုံးနှုန်းချင်တယ်။ အငုံစိတ်ကြောင့်သာမဟုတ်ရင် သူဟာ Facebook ပေါ်မှာ Erica Albright ဆိုတဲ့မိန်းကလေးရဲ့ timeline ကိုဝင်ကြည့်ရင်း refresh လုပ်နေမှာမဟုတ်သလို ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာလည်းဖြစ်လာမှာမဟုတ်လို့ပဲ။

Leave a comment