တောရွာဇနပုဒ်က မုဒိမ်းတရားစီရင်မှုမှတ်တမ်း

To Kill a Tiger မှတ်တမ်းရုပ်ရှင်ဆောင်းပါးတို

စာရေးသူကိုယ် အသက် ၁၀ နှစ်ဝန်းကျင်အရွယ်တုန်းက ကိုယ်တွေလမ်းရဲ့အရှေ့လမ်းက အသုပ်ဆိုင်မှာ မနက်တိုင်း ကျူရှင်မသွားခင် အသုပ်ဝင်စားလေ့ရှိတယ်။ အမြဲလိုလိုမဟုတ်ပေမယ့် သွားစားတဲ့နေ့တိုင်း မျက်နှာမစိမ်းတဲ့ ကိုယ့်အမေအရွယ် အန်တီတစ်ယောက်ကို အမြဲတွေ့တယ်။ စက်ဘီးပေါ်မှာထိုင်စောင့်နေတဲ့ ကိုယ့်ထက်ငယ်တဲ့ကလေးမလေးကိုမြင်တော့ မနက်ခင်းကျောင်းတက်တဲ့သမီးကို မနက်စာအသုပ်ဝင်ဝယ်ပြီး ထမင်းချိုင့်ထုတ်ပေးတယ်ဆိုတာ နားလည်လိုက်တယ်ပေါ့။ အဲ့ဒီနှစ်မှာပဲ တစ်လလောက် အဲ့အန်တီကိုလည်း မတွေ့တော့သလို အန်တီ့ကိုမတွေ့တော့ ကလေးမလေး ကျောင်းပြောင်းသွားတာလား၊ သူတို့တွေအိမ်ပြောင်းသွားတာလားလို့ မသိစိတ်ထဲကအဖြေရှာနေခဲ့တယ်။ ဒီလိုအတွေးတစ်စကို အသုပ်ဆိုင်ရောက်တိုင်း အဖြေရှာနေခဲ့ရင်း များမကြာခင်မှာပဲ အသုပ်ဆိုင်ကိုလာစားတဲ့အဒေါ်ကြီးတွေ တီးတိုးပြောစကားကနေ အဲ့သားအမိနှစ်ယောက် ရှက်လို့ တခြားနေရာပြောင်းသွားပြီဆိုတာပါပဲ။

ဒီနေရာမှာ ရှက်လို့ ဆိုတဲ့နောက်ကွယ်က ကိစ္စရပ်ဟာ ကိုယ့်အတွက် နေ့စဉ်ကြားနေတဲ့လမ်းထဲကအဒေါ်ကြီးတွေ အတင်းတုတ်တဲ့အရာတွေထဲကတစ်ခုလို့ပဲ ခံစားခဲ့ရတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကြည့်ပြီးတဲ့အချိန်မှာတော့ ငယ်ငယ်ကကြားခဲ့တဲ့ဒီဖြစ်ရပ်တူကိုပြန်လည်သတိရပြီး ကိုယ်ဟာ မသိမသာနဲ့ ရွာသားတွေထဲကတစ်ယောက်လားလို့ တွေးမိလိုက်ပါတယ်။ ဖြစ်စဉ်က သားအမိနှစ်ယောက်အိမ်ကို ဝင်ထွက်သွားလာနေတဲ့ယောက်ျားတစ်ယောက်က သမီးကိုမုဒိန်းပြုကျင့်သွားလို့ ရပ်ကွက်ကိုအကူအညီတောင်းပေမယ့် ဘာမှမလုပ်ပေးတဲ့အပြင် အပြစ်တင်တဲ့စကားတွေကြောင့် အိမ်ပြောင်းသွားပြီး နာမည်အသစ်နဲ့ဇာတ်မြှပ်လိုက်တယ်ဆိုတာပါပဲ။ ရပ်ကွက်ထဲကလူတချို့က ကလေးမလေးက ၁၅ ၁၆ အရွယ်လည်းမဟုတ်တော့ မုဒိမ်းကျင့်တဲ့သူနဲ့ပေးစားမရလို့ မေ့လိုက်တော့လို့ အကြံပေးကြတယ်ဆိုပါတယ်။ ကိုယ်ကလည်း ငယ်သေးတဲ့အပြင် ရပ်ကွက်အရေးစိတ်ပါဝင်စားမှုနည်းပါးတော့ ခဏလေးနဲ့မေ့သွားသလို ဒီဖြစ်ရပ်ကိုလည်း ကြီးမားတယ်လို့ မခံစားခဲ့ရပါဘူး။

To Kill a Tiger ဆိုတဲ့မှတ်တမ်းရုပ်ရှင်ဟာ အလားတူဖြစ်ရပ်ကိုပဲ မုဒိမ်းပြုကျင့်ခံရတဲ့ကောင်မလေးရဲ့ဖခင်ဟာ ကျူးလွန်သူတွေကို တရားခွင်တင်တဲ့တလျှောက် ဖောင်ဒေးရှင်းတစ်ခုကိုအကူအညီတောင်းကာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးထားတာပါ။ ရုပ်ရှင်တွေထဲကလို ကြည့်ရှုသူတွေစိတ်အဆင်မပြေမဖြစ်ရအောင် ဇာတ်လမ်းတည်၊ တည်းဖြတ်ပြီးရိုက်ကူးထားတာ မဟုတ်ဘဲ တရားခွင်ဖြစ်နေတဲ့တလျှောက် ကျူးလွန်ခံရသူနဲ့မိသားစုအပြင် ရွာသားတွေရဲ့အမြင်တွေပါ မေးထားတာမို့လို့ စိတ်နုတဲ့သူတွေမကြည့်ဖို့ အရင်ပြောပါရစေ။ သွေးထွက်သံယိုမဟုတ်တာတောင် အကြောင်းအရာနဲ့ သူတို့စကားဝိုင်းတွေဟာ ရင့်နင့်သနားဖွယ်ကောင်းလို့ ဒေါသထွက်၊ စိတ်မွန်းစေမှာမို့လို့ စိတ်ခိုင်တဲ့သူပဲကြည့်ဖို့ပြောချင်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်မှာ ရွာသားတွေရဲ့အမြင်နဲ့ ပြောတဲ့စကားတွေဟာ ကိုယ်တွေမြန်မာမှာ ဒီလိုအစော်ကားခံ၊ မုဒိမ်းမှုဖြစ်ရင် ကြားနေကျ၊ ဖတ်နေကျအရာတွေမို့လို့ ဒီမှတ်တမ်းဟာ ကိုယ်တွေကိုရောင်ပြန်ဟပ်နေသလိုပါပဲ။ အဖေဖြစ်သူ ရန်ဂျစ်ကို အဖက်ဖက်မှာသေးငယ်တယ်လို့ လူတွေမြင်နိုင်သော်ငြား သမီးဖြစ်သူအတွက် အဆုံးထိရင်ဆိုင်ပေးခဲ့သလို ကျူးလွန်ခံရသူကလေးမလေးအခန်းရောက်တိုင်း ဒီလိုကလေးတွေဘယ်လောက်များနေပြီလဲလို့ မေးခွန်းထုတ်စေမှာပါ။ တရားရင်ဆိုင်မှုအဆုံးထိ စိတ်ဓာတ်ပိုင်းဆိုင်ရာ တောင့်ခံနိုင်ခဲ့တဲ့ ကီရန်မိသားစုဝင်တွေကလည်း ချီးကျူးဖွယ်ပါပဲ။ ဖျော်ဖြေရေးရုပ်ရှင်မဟုတ်လို့ ဇာတ်ကွက်တွေ၊ ဇာတ်လမ်းအပြောင်းအလဲတွေမြင်ရမှာမဟုတ်ပေမယ့် လူ့အသိုင်းအဝိုင်းကစံနှုန်းတွေ၊ တဖက်စောင်းနင်းတွေ၊ ဖိနှိပ်ခံအမျိုးသမီးတွေနဲ့ ဒီလိုစံနှုန်းတွေကြားနစ်မွန်းနေပြီး အမျိုးသမီးအချင်းချင်းအပြစ်တင်တဲ့သူတွေအကြောင်း မြင်တွေ့ရမှာမို့လို့ ဗဟုသုတရဖွယ် လေ့လာလို့ရအောင်ကြည့်ရှုသင့်ပါတယ်။

လွန်ခဲ့သော ၈ နှစ်က အိန္ဒိယနိုင်ငံ၊ ဂျာရ်ခါန်ဒ်ပြည်နယ်က ကျေးရွာတစ်ရွာမှာနေထိုင်တဲ့ ၁၃ နှစ်အရွယ် ကီရန် (အမည်လွဲ) ဆိုတဲ့ကလေးမလေးဟာ ဦးလေးဖြစ်သူရဲ့မင်္ဂလာဆောင်သွားပြီး ညအပြန်မှာ ယောက်ျားလေး ၃ ယောက်ရဲ့မုဒိမ်းပြုကျင့်တာကို ခံခဲ့ရပါတယ်။ အိမ်ရောက်တော့ မတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်ဘဲ တုန်လှုပ်နေတဲ့ကီရန်ကို အဖေဖြစ်သူက ဘာဖြစ်သလဲမေးမြန်းတဲ့အခါ အကိုဝမ်းကွဲဖြစ်သူအပါအဝင် ယောကျ်ား ၃ ယောက်က သူ့ကိုဆွဲခေါ်သွားပြီး မုဒိမ်းပြုကျင့်တာခံခဲ့ရကြောင်း ဖြေကြားခဲ့ပါတယ်။ ကျေးရွာတွေရဲ့ထုံးစံအတိုင်း ဒီမုဒိမ်းမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီး ရွာတွေအများကြီးဆီကို ပျံ့နှံ့သွားပါတော့တယ်။ ရွာအတွက် အရှက်ရစရာကိစ္စလို့ဆိုကာ မြန်မြန်ဆန်ဆန်ပြီးဆုံးသွားအောင် ကီရန်ကို မုဒိမ်းကျင့်တဲ့ ၃ ယောက်ထဲက ၁ ယောက်နဲ့ပေးစားလိုက်၊ ကျန်တဲ့နှစ်ယောက်ကို ဒီတိုင်းမေ့ပျောက်လိုက်လို့ ရွာသားတွေက အတင်းဖိအားပေးပေမယ့် သမီးအတွက် တရားမျှတမှုကို ယူဆောင်ပေးချင်တဲ့ မိသားစုဝင်တွေဟာ Srijan ဖောင်ဒေးရှင်းကို ဆက်သွယ်ကာ အကူအညီတောင်းခဲ့ပါတယ်။ မှတ်တမ်းရုပ်ရှင်ဟာ ကီရန်တို့မိသားစုကို တရားရင်ဆိုင်တဲ့အချိန်ကစလို့ ၁၄ လကြာတရားရင်ဆိုင်မှုအပါအဝင် ၃ နှစ်ကျော်ကြာ မှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီမှတ်တမ်းကို ကီရန်အသက် ၁၈ နှစ်မှာ ကြည့်ရှုပြီး ရုပ်ရှင်အဖြစ်ဖြန့်ဝေဖို့၊ နာမည်သာလွဲပြီး ရုပ်ရှင်ထဲ သူ့မျက်နှာကိုပါပြဖို့ ခွင့်ပြုချက်ပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ နာမည်ကျော်အိန္ဒိယဖွားအနုပညာရှင်တွေဖြစ်ကြတဲ့ Priyanka, Dev Patel, Mindy Kaling, Deepa Mehta နဲ့ Rupi Kaur တို့က ထုတ်လုပ်ရေးအပိုင်းတာဝန်ယူပြီး ၂၀၂၂ ခုနှစ်မှာ စတင်ပြသခဲ့ပါတယ်။ ၂၀၂၃ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆန်ကာတင် ဝင်ခဲ့ပါသေးတယ်။ ဒါကြောင့် အခုနိုင်ငံတကာက ကြည့်ရှုလို့ရအောင် Netflix က မူပိုင်ခွင့်ဝယ်လိုက်ပြီး ပြသနေတဲ့အတွက် Netflix မှာကြည့်ရှုနိုင်ပါတယ်။

ဒီလို မုဒိန်းမှုကိုအမှုမှန်ပေါ်ပေါက်အောင် မှတ်တမ်းရုပ်ရှင်ရိုက်လိုက်တာ တမျိုးတဖုံမှန်ကန်လိုအပ်တယ်လို့ ထင်ပါတယ်။ ဘာလို့ဆို ဒီမှတ်တမ်းမှာပါတဲ့ ရွာလူကြီးလို့ခေါ်မလား၊ ရွာကအာဏာရှိတဲ့ခေါင်းဆောင်တစ်ယောက်ဟာ နောက်ဆုံးမှာ အမှုမှန်ပေါ်ပေါက်အောင် သက်သေခံပေးတယ်ဆိုပေမယ့် အရှေ့မှာသူဟာ အသိပညာအနည်းငယ်တတ်မြောက်နားလည်ပုံရှိပါရဲ့ရက်နဲ့ ကလေးမလေးအဖေကို “ဘုရားသခင်တောင်ခွင့်လွှတ်သေးတာပဲ၊ ငါတို့ခွင့်လွှတ်တတ်ဖို့ သင်ယူရမယ်၊ ဒီမုဒိမ်းကောင်တွေကို ထောင်ထဲပို့လိုက်တာနဲ့ မင်း သမီးရဲ့အရှက်သိက္ခာနဲ့ လူတွေရဲ့လေးစားသမှုကိုပြန်ရမှာမဟုတ်ဘူး” လို့ဆိုတာပါပဲ။ အသိပညာချို့ယွင်း၊ မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာတဲ့စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေရှိတဲ့ ရွာသူရွာသားတချို့ထက် ဒီလိုပြဿနာရဲ့ရေတိမ်ကိုနားလည်ပါလျက် မသိကျေးကျွန်ပြုခိုင်းပြီး ခံရသူကို အမြဲခံနေရတာပဲ ဒီတခါလည်း လျှော်လိုက်ဆိုတဲ့ ရွာ့ခေါင်းဆောင်ဟာပိုဆိုးပါတယ်။ အကယ်၍သာ ကီရန်တို့ကိုရိုက်ကူးနေတဲ့ကင်မရာတွေမရှိရင် ကိစ္စကိုအမြန်ပြီးပြတ်အောင် ထားလိုက်ဆိုပြီးလုပ်မယ်ဆိုတာ အရှေ့မှာ သူပြောခဲ့တဲ့စကားတွေကိုကြည့်ရင်တွေ့ပါလိမ့်မယ်။ ဒါကြောင့် ဒီမုဒိမ်းမှု အမှုမှန်ပေါ်အောင် ကမ်ပိန်းတွေလုပ်၊ မှတ်တမ်းရုပ်ရှင်ရိုက်ဖို့လုပ်တာတွေဟာ media coverage နဲ့ ပြီးပြီးရောဖုံးလိုက်မယ့်သူတွေအတွက် သူတို့ရဲ့အတ္တပေမအပြုအမူတွေကို ထင်ပေါ်အောင်လုပ်နိုင်တာလို့မြင်ပါတယ်။

အခုဆိုရင် ကျူးလွန်ခံရသူ ကီရန်ဆိုတဲ့ကလေးမဟာ အသက် ၂၁ နှစ်ရှိပြီဖြစ်ပါတယ်။ ရွာမှာ မနေတော့ပေမယ့် ကီရန်မိသားစုကတော့ ရွာမှာဆက်နေနေဆဲပါ။ အမှုလည်း နိုင်ခဲ့ပြီး ကျူးလွန်သူတွေဟာ ထောင် ၂၅ နှစ်ဆီ အသီးသီးကျသွားပါတယ်။ ဒီဖြစ်ရပ်အပြီး မုဒိမ်းမှုကျူးလွန်ခဲ့ရသူတချို့လည်း ရှေ့ထွက်ပြီး ထုတ်ဖော်ရင်ဆိုင်ကြပြီဆိုပေမယ့် အိန္ဒိယမှာ ဖြစ်ပျက်နေတဲ့ ၉၀ ရာခိုင်နှုန်းသော မုဒိမ်းမှုတွေဟာ လူမသိသူမသိနဲ့ပြီးသွားတာဖြစ်ပြီး ဒီလိုကိစ္စရပ်တိုင်းမှာ ကျူးလွန်ခံရသူအမျိုးသမီးတွေကိုဆို အပြစ်တင်၊ ကျူးလွန်ခံရသူအမျိုးသားတွေကိုဆို မသိကျေးကျွန်ပြုလိုက်တာနဲ့သာ ပြီးဆုံးသွားခဲ့ပါတော့တယ်။ ဒီမှတ်တမ်းရုပ်ရှင်ကြည့်ရှုပြီးသွားရင် ကီရန်လိုကလေးမလေးတွေဘယ်လောက်များပြီလဲ၊ ဒီလိုဖြစ်လာတဲ့အခါ အဖေဖြစ်သူရန်ဂျစ်လို အဆုံးထိတွန်းလှန်နိုင်ပါ့မလား၊ တခါတလေ ကိုယ်ဟာ စာရေးသူငယ်ငယ်ကလို ဖာသိဖာသာနေတတ်တဲ့ ရွာသားအချို့လိုဖြစ်နေပြီလားဆိုတာ အတွေးစာစီရင်း ဆောင်းပါးကိုရေးသားလိုက်ပါတယ်။

Leave a comment