လိပ်ပြာမလုံမိသောနှစ်ကာလများ

ကျွန်တော်တို့တွေဟာ တခါတရံမှာတော့ မျက်ကွယ်ပြုထားတဲ့ ဒဏ်ရာဟောင်းတွေကို ပြန်တူးဆွပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီဒဏ်ရာဟောင်းရဲ့အမြစ်ကို အပြီးမနှုတ်နိုင်သေးဘူးဆိုတာကို အမှတ်ရနေဖို့အတွက် ဒီဒဏ်ရာဟောင်းကို မကြာခဏ ပြန်ဆွနေဦးမှာပါပဲ။

Guilt ကိုကြည့်ပြီးတော့ ကျွန်တော်မျက်ရည်ကျမိတယ်။ ဒီရုပ်ရှင်ကို ကြည့်ဖြစ်တာ တစ်ဖက်နိုင်ငံကိုရောက်လာပြီး ၂ ပတ်အကြာမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်သွားတဲ့လူတစ်ယောက်လို ခေတ္တခဏခံစားနေရချိန်မှာ Guilt ရုပ်ရှင်ရဲ့ ဇာတ်လိုက်တစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသု ရေစီးသန်တဲ့ချောင်းကို စွန့်စွန့်စားစားဖြတ်ကူးရတဲ့ဇာတ်ဝင်ခန်းက သူစိမ်းမြေပေါ်စနင်းကတည်းက ဖုံးကွယ်ထားခဲ့တဲ့အနာစတစ်ခုကို ပြန်အစဖော်ပေးခဲ့တယ်။

မတ်လ ပထမအပတ်။

ရုပ်ရှင်ထဲကလို ရေစီးသန်တဲ့ချောင်းတစ်စင်းတော့မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ဘေးပတ်ဝန်းကျင်တစ်ခုလုံးဟာ အမှောင်ထုချည်းပဲ။ ဇရပ်အဟောင်းတစ်ခုထဲမှာ ထိုင်နေတယ်၊ ကိုယ်တိုးဝှေ့စီးလာရတဲ့ကားက ဘေးမှာရပ်ထားတယ်၊ ခပ်လှမ်းလှမ်းက အဝေးပြေးလမ်းမကြီးပေါ်မှာ ကားတွေ ကျိုးတို့ကျဲတဲသွားနေတာမြင်ရတယ် ဆိုတာကလွဲလို့ ကိုယ်ဘယ်နားရောက်နေသလဲဆိုတာမသိရဘဲ နာရီနဲ့ချီပြီး အအေးဒဏ်ကိုအံတုနေရတယ်။ အာရုံလွှဲတဲ့အနေနဲ့ ဖုန်းဖွင့်ကြည့်ဖို့ကြိုးစားတော့ ဘေးက သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က အသာလေးလှမ်းတားတယ်။ သူပြောတဲ့စကားကို တစ်လုံးမှနားမလည်ပေမယ့် အမှောင်ထဲမှာ လင်းခနဲဖြစ်လာတဲ့ဖုန်းမီးအလင်းရောင်ကို တစ်ယောက်ယောက်လှမ်းမြင်သွားနိုင်တယ်ဆိုတာ သတိပေးနေတယ်မှန်း ချက်ချင်းသိလိုက်တယ်။ ဖုန်းပြန်သိမ်းပြီး ဆက်စောင့်နေရင်း ထိုင်နေတဲ့ဇရပ်ထဲက လူအုပ်ကြီးတည့်တည့်ကို ရုတ်တရက် မီးဝါဝါတစ်ခု လင်းလာတယ်။

ကားတစ်စီး။

လူအုပ်ကြီးက အဲ့ဒီကားကိုလှမ်းကြည့်နေကြတယ်။ အားလုံးရဲ့မျက်နှာမှာ မျှော်လင့်ချက်ရောင်ခြည်လေးသမ်းလာတယ်။ ဒါပေမယ့် အဲ့ဒီအထဲမှာ ကားဆရာတော့မပါခဲ့ဘူး။ ရပ်ထားတဲ့ကားပေါ် ပြေးတက်သွားပြီး အားလုံးပုန်းကြဖို့ပြောတော့တာပဲ။ လူ ၁၀ ယောက်မကရှိတဲ့လူအုပ်ကြီးက မီးရောင်ကိုငေးမောနေရာကနေ ဒက်ဘယ်ကပ်(ပ်) ကားတစ်စီးရဲ့အရှေ့ခန်းကို အလုအယက်တိုးဝင်ကြရတော့တယ်။ မွန်းကြပ်တာ၊ အသက်ရှုကြပ်တာ၊ လူပိတဲ့ဒဏ်ကြောင့် ဒူးတစ်ဖက်အဆစ်လည်သွားတာတွေ ဘာမှအာရုံမစိုက်နိုင်ဘဲ မှန်ကနေ ဝိုးတဝါးလှမ်းမြင်နေရတဲ့ကား ဒီဖက်ကိုဆက်မောင်းမလာပါစေနဲ့လို့သာ ဆုတောင်းနေမိတယ်။ အဖမ်းသာခံရရင်ဆိုတဲ့ ကြောက်စိတ်က အတွေးထဲမှာ ဗလောင်ဆူနေပြီ။​

တစ်သက်လောက်ကြာတယ်ခံစားရတဲ့ ၅ မိနစ်လောက်အပြီးမှာ အဲ့ဒီကားက အမြန်လမ်းမကြီးဘေးက လူနေအိမ်တစ်လုံးထဲ ဝင်သွားခဲ့တယ်။ အရာအားလုံးက မီးအဝါရောင်မမြင်ရခင်တုန်းကအချိန်ကို ပြန်ရောက်သွားသလိုပဲ။ ဒီတော့မှ ဒူးအဆစ်လည်သွားတဲ့ဒဏ်ကို စခံစားမိတယ်။ ပေါင်ပေါ်မှာ ထပ်ဆင့်ထိုင်နေရပြီး တုန်ရီနေတဲ့ ကိုယ့်ကောင်မလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားမိတယ်။ ကားဆရာက တစ်နာရီ မိုင် ၁၂၀ ကျော်အရှိန်တင်ပြီး သုတ်ခြေတင်မောင်းတော့တယ်။ ဒီအခိုက်အတန့်ဟာ ဘဝမှာ ပထမဆုံးအကြိမ် အရာအားလုံး ကိုယ့်ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားပြီး အနာဂတ်စက္ကန့်ပိုင်းလေးကိုတောင် အာမမခံနိုင်တော့တဲ့ ကူကယ်ရာမဲ့ဘဝကို ရောက်သွားတဲ့အချိန်ခဏလေးပါပဲ။

ဒီမှတ်ဉာဏ်ကို ချင်းမိုင်ရောက်ကတည်းက မေ့ဖျောက်ထားခဲ့တယ်။ ညနေဖက်လမ်းလျှောက်ထွက်ရင် ဆိုင်တစ်ဆိုင်က ကားရပ်ဖို့လုပ်ထားတဲ့ကွက်လပ်ကလေးကိုမြင်ရတာ ဒီအဖြစ်အပျက်ကိုကြုံခဲ့ရတဲ့ ဇရပ်ဟောင်းရှိခဲ့တဲ့ လျှိုမြောင်အသေးစားလေးလိုပဲ။ အဲ့ဒီနားရောက်ရင် တစ်ဖက်လမ်းကိုကူးပြီး မမြင်ချင်ယောင်ဆောင်သွားလေ့ရှိတယ်။ ဒီမှတ်ဉာဏ်ကို အစဖော်နိုင်တဲ့ ဘယ်အခြေအနေကိုမဆို ရှောင်ပုန်းနေခဲ့တယ်။ Guilt ကိုမကြည့်ခင်အထိပေါ့။

Guilt ရုပ်ရှင်မှာ သူငယ်ချင်း (ရဲဘော်ရဲဖက်) ဖြစ်သူ အဖမ်းခံရလို့ အမြန်ဆုံးထွက်ပြေးရသူမိန်းကလေး (ပိုင်ဖြိုးသု) နဲ့ အဖမ်းခံ စစ်ကြောခံရသူ (ဒေါင်း) တို့ဇာတ်ကောင် ၂ ယောက်အကြောင်းကို ပုံဖော်ထားတယ်။ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့စစ်ကြောရေးအဖွဲ့ရဲ့ ညှင်းပန်းနှိပ်စက်မှုကို ကျောကော့အောင်ခံစားရသူရဲ့ရှုထောင့်နဲ့ စစ်အာဏာရှင်ရဲ့ ရက်စက်မှုကနေ လွတ်မြောက်ဖို့ ကုန်းတစ်တန်၊ ရေတစ်တန် ခက်ခက်ခဲခဲကြိုးစားဖြတ်သန်းစားရသူရဲ့ ရှုထောင့်ကို ကျွန်တော်တို့မြင်ရပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ အထူးသဖြင့် မိန်းကလေးဇာတ်ကောင်ကို တင်ဆက်ပုံဟာ ရုပ်ရှင်ရဲ့ခေါင်းစဥ် “Guilt (လိပ်ပြာမလုံရခြင်း)” အကြောင်းကို မီးမောင်းထိုးပြနိုင်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။

ဒီမိန်းကလေးဇာတ်ကောင်လို မတတ်သာလို့ သူစိမ်းနိုင်ငံကို စွန့်ခွာထွက်ပြေးလာသူတစ်ယောက်ဟာ သူထွက်ပြေးလာရတဲ့အပေါ် ဂုဏ်ယူနေပါ့မလား။ “သူ့နေရာမှာ အဖမ်းခံရသူက ငါဖြစ်ခဲ့ရမှာ” လို့တွေးနေမလား။ တဖက်မှာ စစ်ကြောရေးစခန်းရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မြင်ရတဲ့အခါ ကိုယ် ဒီငရဲက သီသီလေးလွတ်မြောက်သွားတဲ့အပေါ် လိပ်ပြာလုံနိုင်ပါ့မလား။

Guilt ရုပ်ရှင်ပိုစတာမှာမြင်ရတဲ့ ရေစီးသန်တဲ့ချောင်းကိုဖြတ်ကူးနေတဲ့ဇာတ်ဝင်ခန်းမှာ “သြော် ငါ့အဖြစ်က သူ့လောက်တောင်မဆိုးသေးပါဘူး” လို့ တွေးမိခဲ့တယ်။ ကမ္ဘာကြီးရဲ့တစ်နေရာမဟုတ် တစ်နေရာမှာ ကိုယ်ကြုံခဲ့ရတဲ့အခက်အခဲထက် ပိုဆိုးတာတွေကြုံနေရတဲ့လူဆိုတာ ရှိစမြဲပဲမဟုတ်လား။ ဒီရုပ်ရှင်ထဲက ဒေါင်း ဇာတ်ကောင်လို စစ်ကြောရေးစခန်းရောက်သွားရသူတွေရှိမယ်၊ ပိုင်ဖြိုးသု ဇာတ်ကောင်လို လက်မတင်လေး ထွက်ပြေးလာနိုင်သူတွေရှိမယ်၊ ထွက်ပြေးတာတောင်မှ ကျွန်တော့်လို လျှိုမြောင်ထဲမှာ ရဲမဖမ်းမိပါစေနဲ့ ဆုတောင်းခဲ့ရသူတွေရှိမယ်၊ မြစ်တွေချောင်းတွေ သက်စွန့်ဆံဖျားဖြတ်ကူးပြီးမှ တစ်ဖက်ကမ်းကိုရောက်ခဲ့သူတွေရှိမယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ရတဲ့အခြေအနေတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရမှုတွေ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လိပ်ပြာမလုံရတဲ့နှစ်ကာလတွေကို ကိုယ်စီရင်ဆိုင်ဖြတ်သန်းနေရတာတော့ တူညီကြပါလိမ့်မယ်။

Guilt ဟာ ကျွန်တော့်ကို မျက်ရည်ကျစေခဲ့တယ်။ ဖုံးကွယ်ထားတဲ့အနာစတစ်ခုကို ပြန်အစဖော်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ တခါတရံမှာတော့ မျက်ကွယ်ပြုထားတဲ့ ဒဏ်ရာဟောင်းတွေကို ပြန်တူးဆွပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီဒဏ်ရာဟောင်းရဲ့အမြစ်ကို အပြီးမနှုတ်နိုင်သေးဘူးဆိုတာကို အမှတ်ရနေဖို့အတွက် ဒီဒဏ်ရာဟောင်းကို မကြာခဏ ပြန်ဆွနေဦးမှာပါပဲ။

ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာ ကိုယ်စီကိန်းအောင်းနေတဲ့ လိပ်ပြာမလုံတဲ့စိတ်တွေကို ကုစားနိုင်ဖို့၊ လိပ်ပြာမလုံရတဲ့နှစ်ကာလတွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့အတွက် ပြည်ပရောက်မြန်မာများအနေနဲ့ Artists’ Shelter က စီစဥ်ကျင်းပတဲ့ “သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ” အနုပညာလှုပ်ရှားမှုရဲ့ International Film Screening အစီအစဥ်မှာ ဒါရိုက်တာ ဏကြီးရဲ့ Guilt ရုပ်ရှင်အပါအဝင် တော်လှန်အနုပညာရှင်များရဲ့လက်ရာရုပ်ရှင်ကားတွေကို ကြည့်ရှုပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ၂ နာရီခန့်အချိန်ပေးပြီး ရုပ်ရှင်ကြည့်ရုံနဲ့ လိပ်ပြာမလုံရတဲ့နှစ်ကာလတွေ အမြန်အဆုံးသတ်နိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီအားဖြည့်နိုင်မှာဖြစ်လို့ “သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ” က ရုပ်ရှင်ပြသတဲ့နိုင်ငံတိုင်း၊ ပွဲချိန်တိုင်းမှာ ရုံလုံးပြည့်အားပေးပါဝင်ကြဖို့ နှိုးဆော်လိုက်ပါတယ်ခင်ဗျာ။

Guilt ရုပ်ရှင်ထရေလာကို ဒီမှာကြည့်ရှုနိုင်ပါတယ်။

Leave a comment