Spielberg နှင့် ငယ်ဘဝစိတ်ဒဏ်ရာ

Steven Spielberg ရုပ်ရှင်တွေထဲက ဝိသေသတစ်ခုအကြောင်း

နာမည်ကျော်ရုရှားဒါရိုက်တာ Andrei Tarkovsky ကပြောဖူးတယ်။

“အနုပညာရှင်တစ်ယောက်က တစ်သက်လုံး သူ့ငယ်ဘဝအပေါ် မှီခိုဖန်တီးတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ ငယ်ဘဝဖြတ်သန်းလာတဲ့ပုံသဏ္ဌာန်နဲ့ ပုံစံက သူ့အနုပညာလက်ရာရဲ့ သဘောသဘာဝကို အဆုံးအဖြတ်ပေးတယ်”

ဒီစကားက အနုပညာရှင်အတော်များများအတွက် မှန်ပါတယ်။ လူတိုင်းသိကြတဲ့ ဒါရိုက်တာကြီး Steven Spielberg အတွက်ဆို ပိုလို့တောင်မှန်ဦးမယ်။

Steven Spielberg ရဲ့ကိုယ်တိုင်ရိုက်အတ္ထုပတ္တိရုပ်ရှင် The Fabelmans ကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ Spielberg ရဲ့အမေဟာ အဖေဖြစ်သူရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်နဲ့ ဖောက်ပြန်ပြီး လက်ထပ်သွားခဲ့တယ်။ ဒါကို အဖေဖြစ်သူက သူ့အပြစ်လို့ခံယူပြီး မိသားစုနဲ့ဝေးရာကိုထွက်သွားခဲ့တယ်။ Spielberg က အဖေနဲ့အတူလိုက်လာခဲ့ပေမယ့် ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးဟာ သူ့အတွက် သေရာပါမယ့် စိတ်ဒဏ်ရာတစ်ခုဖြစ်ခဲ့တယ်။ တချိန်က အပြုံးတွေဝေဆာနေခဲ့တဲ့ မိသားစုဘဝလေးကို ပြန်လိုချင်တာဟာ သူ့အိပ်မက်ပဲ။

The Fabelmans ရုပ်ရှင်ထွက်လာအပြီးမှာ အဲ့ဒီရုပ်ရှင်ထဲက (Spielberg ရဲ့) အဖေနဲ့အမေကြားဆက်ဆံရေးကပုံဖော်ထားပုံက Spielberg ရဲ့အခြားရုပ်ရှင်တွေထဲက မိသားစုဇာတ်ကောင်တွေနဲ့ ဆင်တူယိုးမှားဖြစ်နေတာကို သတိထားမိလာကြတယ်။​ အဖေနဲ့အမေ ကွာရှင်းရပုံ၊​ သားသမီးက အဖေ (သို့) အမေနဲ့ကျန်ရစ်ခဲ့ရပုံ၊​ မိဘတွေရဲ့ကွာရှင်းပြတ်စဲမှုက ဒီသားသမီးဇာတ်ကောင်အတွက် တစ်စုံတစ်ရာ တွန်းအားဖြစ်စေပုံတွေကိုကြည့်ရင် Spielberg ဟာ သူ့ငယ်ဘဝဖြစ်ရပ်မှန်ကို အခြေပြုပြီး ရုပ်ရှင်တွေကိုဖန်တီးခဲ့တာ ပေါ်လွင်လာခဲ့တယ်။ Spielberg ကြီးကိုယ်တိုင်ကလည်း ၂၀၂၃ ခုနှစ်က ဘာလင်ရုပ်ရှင်ပွဲတော်မှာ တစ်သက်တာအောင်မြင်မှုဆုလက်ခံရယူတော့ သူ့မိဘတွေရဲ့ ပဋိပက္ခနဲ့ ကွာရှင်းပြတ်စဲမှုက သူ့ရုပ်ရှင်တွေအပေါ် အများကြီးလွှမ်းမိုးခဲ့ပြီး တကယ်လို့သာ သူ့မိဘတွေ မကွာရှင်းခဲ့ရင် Empire of the Sun လိုရုပ်ရှင်မျိုးကို ရိုက်တောင်ရိုက်ဖြစ်ခဲ့မှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးတယ်။

ဒီတော့ Spielberg ရုပ်ရှင်တွေထဲက ထင်ရှားတဲ့ဝိသေသတစ်ခုကို ကျွန်တော်တို့တွေ ဝိုးတဝါးတော့စမြင်ကြရပြီ။​ ဒီလူကြီးက သူ့ရဲ့ငယ်ဘဝစိတ်ဒဏ်ရာကြီးတစ်ခုကို ရုပ်ရှင်တွေထဲမှာ ထည့်ပြလေ့ရှိတယ်ဆိုတာ သိရပြီ။​ ဒီစိတ်ဒဏ်ရာကို ဘယ်လိုပုံစံနဲ့ ပုံဖော်ပြသလဲဆိုတဲ့အပိုင်းမှာတော့ ရုပ်ရှင်တစ်ကားနဲ့တစ်ကား ကွဲပြားနေတာကို သွားတွေ့ပါတယ်။ တချို့ရုပ်ရှင်တွေမှာ Spielberg က သူ့ရဲ့စိတ်ဒဏ်ရာကို အရှိအတိုင်းပြပြီး တချို့ရုပ်ရှင်တွေမှာတော့ အင်္ဂလိပ်လိုဆိုရင် alternate reality၊ မြန်မာလိုပြောရရင်တော့ “ငါသာဒီလိုမဖြစ်ခဲ့ရင်” ဆိုတဲ့ပုံစံနဲ့ ချဥ်းကပ်ပြတယ်။

Empire of the Sun မှာ မိဘတွေနဲ့အဝေးကိုရောက်သွားတဲ့ တစ်ကောင်ကြွက်ချာတိတ်လေးအကြောင်း၊ E.T the Extra-Terrestrial မှာ မိဘတွေကွာရှင်းပြီး အမေဖြစ်သူနဲ့အတူကျန်ရစ်ခဲ့တဲ့ ၁၀ နှစ်သားကလေးအကြောင်းတွေကို ကျွန်တော်တို့ခံစားကြည့်ရှုခဲ့ရတယ်။ ​Ready Player One ရုပ်ရှင်မှာတောင်မှ အဓိကဇာတ်ဆောင် Wade က မိဘမဲ့ကလေးဖြစ်တဲ့အပြင် အတူနေတဲ့ အဒေါ်နဲ့ဦးလေးကလည်း ကတောက်ကဆဖြစ်လေ့ရှိတာကို တွေ့ရတယ်။​ ဒီရုပ်ရှင်တွေကို The Fabelmans ရုပ်ရှင်နဲ့ ပြန်ဆက်စပ်လိုက်တဲ့အခါ Spielberg ရဲ့ငယ်ဘဝခံစားချက်တွေဟာ ရုပ်လုံးပိုကြွလာတယ်။ နာကျည်းမှုတွေ၊ အထီးကျန်တဲ့ခံစားချက်တွေ၊ သူစိမ်းဆန်သွားတဲ့နွေးထွေးမှုတွေ။ Spielberg က ဒီခံစားချက်တွေကို သူ့ရဲ့ရုပ်ရှင်လက်ရာတွေထဲမှာ အရှိအတိုင်း ပြန်ပေါက်ကွဲထွက်ပြနေတယ်။

အရှိအတိုင်းပြတဲ့အထဲမှာ အထင်ရှားဆုံးကတော့ The Fabelmans နဲ့ Catch Me If You Can ပေါ့။ The Fabelmans ကတော့ သူ့ရဲ့ကိုယ်ပိုင်အတ္ထုပတ္တိရုပ်ရှင်ဖြစ်တာမို့ ထားပါတော့။ Catch Me If You Can ဟာလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည့်တိုင် Spielberg ကြုံခဲ့ရတဲ့အဖြစ်နဲ့ အတော်လေးဆင်တူတာကို တွေ့ရတယ်။ Frank အမေ ဖောက်ပြန်နေတာ၊ မိသားစုပြိုကွဲသွားတာ၊ ကွာရှင်းကြတာတွေအထိ တစ်ပုံစံတည်းတူပြီး ဘယ်သူနဲ့လိုက်နေမလဲဆိုတာ မရွေးတော့ဘဲ ထွက်ပြေးလာခဲ့တာတစ်ခုသာ Spielberg ဘဝဖြစ်ရပ်မှန်နဲ့ မတူတော့တာလို့ပြောလို့ရတယ်။ Frank က သူသာချမ်းသာခဲ့ရင် အဖေနဲ့ အမေ ပြန်အဆင်ပြေမှာပဲလို့ထင်ခဲ့တယ်။ သူသာ ငွေကြေးအလုံအလောက်ရှိခဲ့ရင် ဒီမိသားစု ပြန်ပေါင်းစည်းနိုင်မှာပဲလို့ တွေးခဲ့တယ်။ Frank တစ်ယောက် လိမ်လည်လှည့်ဖျားနေတာတွေရဲ့ နောက်ကွယ်ကတွန်းအားက တကိုယ်ရည်လောဘကြောင့်၊ အတ္တကြောင့်မဟုတ်ခဲ့ဘူး။ သူတချိန်ကပိုင်ဆိုင်ခဲ့တဲ့ မိသားစုဘဝလေး ပြန်စိုပြေဖို့ပါပဲ။​ Spielberg သာ ရုပ်ရှင်ရိုက်တာကို ဝါသနာမပါခဲ့ရင် Frank လိုမျိုး မဖြေရှင်းနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။​

တဖက်မှာလည်း Spielberg က “ငါသာဒီလိုမဖြစ်ခဲ့ရင်” ဆိုတဲ့ရှုထောင့်ကို ပုံဖော်တဲ့အခါတွေရှိခဲ့တယ်။ Indiana Jones and the Last Crusade ရုပ်ရှင်ရဲ့ ဇာတ်သိမ်းခန်းမှာ ချောက်ကမ်းပါးထဲ ကျလုနီးနီးဖြစ်နေတာတောင် အသက်တာခွက်ကို လောဘကြီးမိနေတဲ့ Indy ကို အဖေဖြစ်သူက ဆွဲထားရင်း “အင်ဒီယာနာ…ထားလိုက်ပါတော့ကွယ်” လို့ပြောတဲ့အချိန်ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒီအခိုက်အတန့်က ပြိုကွဲပြီးသားမိသားစုကို အတင်းပြန်ဆက်နိုင်ဖို့ ကြိုးစားနေတဲ့ Spielberg ကို သူ့အဖေက “ထားလိုက်ပါတော့ သားရယ်” လို့ပြောနေသယောင်ပဲမဟုတ်လား။ Close Encounter of the Third Kind မှာ ဂြိုလ်သားတွေပြန်သွားတဲ့ဇာတ်သိမ်းက သူ့အတွက် ခံစားချက်ချင်းနီးစပ်တယ်လို့ မခံစားရတဲ့ Spielberg က တကယ်လို့ တစ်ယောက်ယောက်သာ ကမ္ဘာပေါ်နေရစ်ခဲ့ရင်ဆိုတဲ့ အတွေးပေါ်ပြီး E.T ရုပ်ရှင်ကို ဖန်တီးဖို့အကြောင်းဖန်လာခဲ့တယ်လို့ ပြောခဲ့ဖူးတယ်။ E.T မှာ မိဘတွေကွာရှင်းထားပြီး အထီးကျန်ဆန်နေတဲ့ Elliott အတွက် E.T က အဖော်အဖြစ်ရှိပေးခဲ့တယ်။ Spielberg လည်း သူ့မိဘတွေကွာရှင်းသွားချိန်မှာ ဘေးနားမှာ အားကိုးဖော်တစ်ယောက် လိုကောင်းလိုချင်ခဲ့မှာပဲ။ ဒါပေမယ့် သူ့မှာ တစ်ယောက်မှမရှိခဲ့ဘူး။ သူချစ်တဲ့ရုပ်ရှင်တွေသာရှိခဲ့တယ်။ ဒီတော့ ရုပ်ရှင်တွေဖန်တီးခွင့်ရလာတဲ့အခါ “ငါသာဒီလိုမဖြစ်ခဲ့ရင်” ဆိုတဲ့ alternate reality တွေကို ရုပ်ရှင်တွေအဖြစ် အသက်သွင်းတာ ဆန်းတော့မဆန်းလှပါဘူး။

The Fabelmans ရုပ်ရှင်ဇာတ်သိမ်းမှာ ဒါရိုက်တာကြီး John Ford က Spielberg ကို ရုပ်ရှင်နဲ့ပတ်သက်ပြီး ပြောတဲ့စကားက သိပ်လှတယ်။

မိုးကုပ်စက်ဝိုင်းက

အောက်ဖက်မှာရှိနေရင် စိတ်ဝင်စားစရာကောင်းတယ်၊

အပေါ်ဖက်မှာရှိနေရင်လည်း စိတ်ဝင်စားဖို့ကောင်းတယ်၊

အလယ်မှာရှိနေရင်တော့ သောက်ရမ်းပျင်းဖို့ကောင်းတယ်။”

ဂန္တဝင်ဒါရိုက်တာကြီး Steven Spielberg ရဲ့ဘဝမှာ မိသားစုရဲ့ အားပေးမှုနဲ့အတူ ငယ်ငယ်လေးကတည်းက ရုပ်ရှင်နဲ့နီးစပ်ခွင့်ရခဲ့တယ်။ သူဖန်တီးနိုင်စွမ်းရှိသလောက် လုပ်ပြခွင့်ရခဲ့တယ်။ မိသားစုနဲ့အတူ ရယ်မောပျော်ရွှင်ခဲ့ရတယ်။ တဖက်မှာလည်း ဒီမိသားစုဘဝပြိုလဲသွားလို့ စိတ်ဒဏ်ရာရခဲ့တဲ့အထိ ကျဆုံးခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ ဒါကြောင့်လည်း Steven Spielberg ရယ်လို့ ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အခါ သူ့ရဲ့ရုပ်ရှင်အများစုဟာ စိတ်ကူးယဥ်သိပ္ပံ၊ ထူးဆန်းထွေလာ၊ စွန့်စားခန်းရုပ်ရှင်တွေဖြစ်နေသည့်တိုင် သိပ်ကိုလူသားဆန်လှတယ်။ သူ့လိုအဖြစ်အပျက်မျိုးကြုံခဲ့ရသူတွေအတွက်ဆို Spielberg ရဲ့မိသားစုဘဝတင်ဆက်ပုံက သိပ်ကိုပီပြင်တယ်ပြောကြတယ်။ “အနုပညာရှင်တစ်ယောက်က တစ်သက်လုံး သူ့ငယ်ဘဝအပေါ် မှီခိုဖန်တီးတယ်” ဆိုတဲ့စကားဟာ Spielberg ကိုရည်ရွယ်ပြောသလားလို့တောင် ထင်ရတဲ့အထိ Spielberg လက်ရာတွေမှာ ပုဂ္ဂလိကဆန်တဲ့အခိုက်အတန့်တွေကို မြင်တွေ့ရတယ်။

ဒီဇာတ်ဝင်ခန်းတွေကို ရိုက်ကူးနေချိန်မှာ Steven Spielberg တစ်ယောက် ကိုယ့်ငယ်ဘဝကိုယ်ပြန်မြင်ယောင်ပြီး မျက်ရည်ကျမိနေမလား၊ ရုပ်ရှင်ထဲကလို မဖြစ်ရလေခြင်းဆိုပြီး နောင်တရမိနေမလား၊ ကိုယ်ရေးထားတဲ့ဇာတ်ကောင် ရုပ်လုံးပေါ်လာတာကိုကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေမလား။ ဒါကိုတော့ Spielberg ကိုယ်တိုင်သာသိပါလိမ့်မယ်။

ကျွန်တော်တို့တွေရော Spielberg လိုသာ ရုပ်ရှင်ရိုက်ခွင့်ရခဲ့မယ်၊ ကိုယ့်ငယ်ဘဝကိုသာ မှီခိုဖန်တီးမယ်ဆို ဘာအကြောင်းအရာတွေကိုများပြောဖြစ်ကြမလဲ။ ဘယ်စိတ်ဒဏ်ရာတွေကို တူးဆွမိကြမလဲ။ အသက် ၇၀ ကျော်အရွယ် ဂန္တဝင်ဒါရိုက်တာကြီးကတော့ သူ့ရဲ့ကိုယ်ပိုင်အတ္ထုပတ္တိရုပ်ရှင် The Fabelmans ရိုက်ကွင်းပေါ်မှာ သူ့မိသားစုပြိုကွဲစိတ်ဒဏ်ရာတွေကို ပြန်မြင်ယောင်ပြီး နေ့တိုင်းနီးပါး ငိုပါသတဲ့။

Leave a comment