စတူဒီယိုတိုင်းငြင်းခဲ့တဲ့ဇာတ်လမ်း

George Lucas ရဲ့တစ်သက်တာအကောင်းဆုံးရွှေ့ကွက်အကြောင်း

နေပူပူကန္တာရထဲမှာ ဘတ်ဂျက်မလုံမလောက်၊ နည်းပညာအခက်အခဲပေါင်းစုံ၊ ဘယ်ကမှန်းမသိတဲ့ လူသစ်သရုပ်ဆောင်တွေနဲ့ ရုန်းကန်နေရတဲ့ ဒါရိုက်တာတစ်ယောက်ဟာ ကမ္ဘာ့ဝင်ငွေအများဆုံးနဲ့ ပရိသတ်အရူးသွပ်ဆုံးရုပ်ရှင် franchise တစ်ခုကို သူကိုယ်တိုင်တောင်မသိဘဲ အစပျိုးနေခဲ့တယ်ဆိုတာ ဘယ်သူကယုံနိုင်ခဲ့မလဲ။ Star Wars ရုပ်ရှင်ကို တကယ်တော့ အခုလူတွေသိထားကြသလို စိတ်ကူးယဥ်သိပ္ပံရုံတင်ရုပ်ရှင်ကားကြီးအနေနဲ့ ရည်ရွယ်ပြီးရိုက်ခဲ့တာ မဟုတ်ဘူး။ အင်ဒီရုပ်ရှင်ကားလေးတစ်ကားအနေနဲ့ပဲ။ ဒါပေမယ့် George Lucas ရဲ့ ပါးနပ်တဲ့ရွှေ့ကွက်တစ်ကွက်ဟာ ဒီရုပ်ရှင်ကိုရိုက်ဖို့ ဘတ်ဂျက်ရစေခဲ့သလို အခုအားလုံးမြင်တွေ့နေရသလို အအောင်မြင်ဆုံး franchise ရုပ်ရှင်ကြီးတစ်ခုလည်းဖြစ်လာစေခဲ့တယ်။ 

ဇာမချဲ့ဘဲပြောရရင် George Lucas က သူငယ်ငယ်ကကြည့်ဖူးခဲ့တဲ့ B အဆင့်ဟီးရိုးရုပ်ရှင်တွေကို အတည်ပေါက်ရုပ်ရှင်တွေအဖြစ် ရိုက်ချင်တဲ့အာသီသတစ်ခုရှိတယ်။ ၁၉၇၀ အစောပိုင်းတုန်းကဆို Flash Gordon မူပိုင်ခွင့်ဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ကြိုးစားသေးတယ်။ ဒါပေမယ့် သူဝယ်ချင်တဲ့မူပိုင်ခွင့်တွေကို မရနိုင်ဘူးဖြစ်နေတော့ Lucas က ကိုယ့်ဘာသာကိုယ် တစ်စင်ထောင်မယ်ဆိုပြီး အာကာသမှာ ဇာတ်လမ်းတည်၊ ပြည်တွင်းစစ် (အာကာသတွင်းစစ်ပွဲ) ကို နောက်ခံထားပြီး စွန့်စားခန်းဖန်တီးတော့တယ်။ ဇာတ်အိမ်ကြီးအတွက် Frank Helbert ရဲ့ Dune ကနေ နည်းနည်း၊ Akira Kurosawa ရဲ့ The Hidden Fortress ကနေ နည်းနည်း၊ Edgar Rice Burroughs ရဲ့ John Carter ကနေနည်းနည်းစီ ကိုးကားပြီး ဇာတ်ကောင်စုံစီနဖာ အကုန်စုံအောင်လျှောက်ထည့်တယ်။​ နာမည်ကိုကျ Star Wars ဆိုတဲ့ ကလေးအစ လူကြီးအဆုံးနားလည်မယ့် ရိုးရိုးရှင်းရှင်းနာမည်ပေးတယ်။ စတူဒီယိုတွေကို သူ့အိုင်ဒီယာသွားပြတော့ အားလုံးကငြင်းလွှတ်တယ်။​ ငြင်းကြတဲ့အထဲမှာ နောက်နှစ်ပေါင်း ၄၀ ကျော်ကြာမှ ဒေါ်လာ ၄ ဘီလီယံအထိပေးပြီး ခဲရာခဲဆစ်ဝယ်သွားတဲ့ Disney ကိုယ်တိုင်လည်းပါခဲ့တယ်။ နောက်ဆုံး Fox စတူဒီယိုနဲ့မှ အဆင်ပြေသွားကြတယ်။ ဒါတောင် Fox က ရုပ်ရှင်အိုင်ဒီယာကိုကြိုက်လို့တော့မဟုတ်ဘူး။ George Lucas က ဒီမတိုင်ခင်မှာ American Graffiti ရုပ်ရှင်နဲ့ အော်စကာအကောင်းဆုံးရုပ်ရှင်ဆု ဆန်ကာတင်စာရင်းဝင်ထားဖူးတော့ တက်သစ်စလူငယ်ဒါရိုက်တာတစ်ယောက်နဲ့ ဆက်ဆံရေးကောင်းတည်ဆောက်ထားချင်လို့ ပိုက်ဆံထုတ်ပေးတဲ့သဘောပဲ။​ 

Fox နဲ့ George Lucas တို့က Star Wars ရုပ်ရှင်အတွက် ဘတ်ဂျက် ဒေါ်လာ ၈ သန်းနဲ့သဘောတူခဲ့ကြတယ်။ ဒီပမာဏက အဲ့ဒီအချိန်ကဆို James Bond ရုပ်ရှင်တစ်ကားစာတောင်မရှိဘူး။ စိတ်ကူးယဥ်သိပ္ပံရုပ်ရှင်အတွက်ဆို တော်တော့်ကိုနည်းတဲ့ပမာဏလို့ပြောလို့ရတယ်။ ဒီလိုနဲ့ George Lucas တစ်ယောက် ဒေါ်လာ ၈ သန်းပိုက်ပြီး Tatooine ဂြိုလ်အဖြစ်ပုံဖော်ပြမယ့် တူနီးရှားနိုင်ငံကိုသွားဖို့လုပ်တော့တယ်။

ဒါပေမယ့် မသွားခင်မှာ George Lucas တစ်ယောက် ဟောလိဝုဒ်သမိုင်းမှာ အကောင်းဆုံးစီးပွားရေးရွှေ့ကွက်လို့ သတ်မှတ်လို့ရတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တယ်။ American Graffiti ရုပ်ရှင်က ၁၉၇၀ ဝန်းကျင်ကာလတွေရဲ့ ဝင်ငွေအမြတ်အစွန်းအများဆုံးရုပ်ရှင်တွေထဲက တစ်ကားအပါအဝင်ဖြစ်ခဲ့တော့ George Lucas ဟာ သူ့ရဲ့ဒါရိုက်တာကြေးကို မူလ ဒေါ်လာ ၁ သိန်းခွဲကနေ ဒေါ်လာ ၅ သိန်းအထိ တိုးတောင်းခွင့်ရှိခဲ့တယ်။ နာမည်ရခါစ လူငယ်ဒါရိုက်တာလည်းဖြစ်တော့ သူ့ဖက်က အသာစီးရနေပြီးသား။ ဒါပေမယ့် သူ တိုးမတောင်းခဲ့ဘူး။ အဲ့ဒီအစား မူလဒါရိုက်တာကြေးအတိုင်းယူပြီး Star Wars ဆက်စပ်ပစ္စည်းအရောင်းမူပိုင်ခွင့် (Merchandising) နဲ့ sequel ရိုက်ခွင့်တွေကိုသာ သူ့ကိုပေးဖို့ ညှိနှိုင်းခဲ့တယ်။​ Fox က လက်ခံခဲ့တယ်။

တကယ်တော့ စတူဒီယိုတွေက မူပိုင်ခွင့်တွေကို အလွယ်တကူပေးတတ်တဲ့အမျိုးမဟုတ်ဘူး။ ဒါပေမယ့် Star Wars ကိုကျ ဘာကြောင့်လက်ခံလိုက်သလဲ။ ရှင်းပါတယ်၊ ဟောလိဝုဒ်လောကထဲ ခြေလှမ်းစလှမ်းခါစ လူငယ်ဒါရိုက်တာတစ်ယောက်က Jedi တို့၊ Starkiller (Luke Skywalker ဇာတ်ကောင်ရဲ့ မူလနာမည်)၊ Tatooine တို့လို အူကြောင်ကြားနာမည်တွေနဲ့ စကားပြောတဲ့မျောက်ဝံတွေ၊​ စက်ရုပ်တွေပါတဲ့ အာကာသဇာတ်လမ်းကြီးတစ်ပုဒ်ရိုက်ချင်တယ်၊ ပြီးတော့ ရုပ်ရှင်နာမည်ခပ်တုံးတုံးနဲ့ စျေးရောင်းမူပိုင်ခွင့်ရဖို့ ပိုက်ဆံလည်းလျှော့ယူပေးဦးမယ်။ ဒီနာမည်နဲ့ ဘယ်ပစ္စည်းမှရောင်းမထွက်နိုင်လောက်ဘူးလေ။

နောက်ပြီး ဒီရုပ်ရှင်က Sequel တွေထွက်လာဖို့ဆိုတာ ပိုလို့တောင် မယုံသေး။ Fox က Star Wars ကို အမြတ်ရဖို့၊ ပိုက်ဆံပွားဖို့ရည်ရွယ်ပြီး ငွေထုတ်ပေးခဲ့တာမဟုတ်ဘူး။ George Lucas ဆီက နောက်ထပ် American Graffiti လိုကားမျိုးတစ်ကားထွက်လာရင် သူတို့ပိုင်ရအောင်လို့ ချော့ပေါင်းတဲ့အနေနဲ့ ဒေါ်လာ ၈ သန်း မုန့်ဖိုးပေးပြီး ကြိုက်တာပေးလုပ်လိုက်တဲ့သဘောပဲ။ အဲ့ခေတ်တုန်းက စိတ်ကူးယဥ်သိပ္ပံရုပ်ရှင်တွေ အမြတ်ရနိုင်ခြေကလည်း နည်းတော့ တစ်ကားနဲ့တင်ရပ်သွားမယ်ထင်ခဲ့ကြတယ်။ ဘယ်လောက်တောင် အယုံအကြည်မရှိသလဲဆို Star Wars ရုပ်ရှင်က Jaws ရုပ်ရှင်မှာ Steven Spielberg ကြုံရသလိုမျိုး နည်းပညာအခက်အခဲတွေ၊ ကွန်ပြူတာအထူးပြုလုပ်ချက် နည်းပညာအသစ်တွေကြောင့် သတ်မှတ်ရက်ထက်နောက်ကျနေတော့ Fox က ဘတ်ဂျက်ကို ဒေါ်လာ ၁၁ သန်းအထိတောင် တိုးပေးလိုက်သေးတယ်။​ Fox ကတော့ ဒီရုပ်ရှင်မြန်မြန်ထွက်မှ (George Lucas ဆော့လို့ဝမှ) American Graffiti လိုကားမျိုးတစ်ကား ဆက်ရိုက်ခိုင်းလို့ရမှာဆိုတဲ့အတွေးနဲ့ပေါ့။ ဒီလိုနဲ့ ရုပ်ရှင်ကမထင်မှတ်ဘဲ အောင်မြင်သွားပြီးတဲ့နောက် Sequel ရိုက်ခွင့်ကို George Lucas ကအသုံးချသွားခဲ့ပြီး The Empire Strikes Back နဲ့ Return of the Jedi ရုပ်ရှင် ၂ ကားဟာ ဟောလိဝုဒ်သမိုင်းမှာ စတူဒီယိုငွေကြေးမတည်မှုမပါဘဲ ကိုယ်ထူကိုယ်ထထုတ်လုပ်တဲ့ စရိတ်အကြီးဆုံးနဲ့ အအောင်မြင်ဆုံးရုပ်ရှင်တွေဖြစ်လာခဲ့တယ်။ 

Fox က Star Wars ရုပ်ရှင် အကြမ်းထည်ဆက်ထားတာကို ရုပ်ရှင်လောကသား အတွင်းလူတွေကိုပြကြည့်တော့ ရာထူးအကြီးပိုင်းတွေအတော်များများက သဘောကျကြတယ်။ အဲ့ဒီမှာ Fox စတူဒီယိုအကြီးအကဲတွေက သူတို့တွက်ကိန်းမှားပြီဆိုတာသဘောပေါက်တော့တာပဲ။ သူတို့က George Lucas ကို ရုပ်ရှင်လှိုင်းသစ်ရဲ့ အင်ဒီဒါရိုက်တာလူငယ်တစ်ယောက်လို့ တွက်ခဲ့ကြပေမယ့် တကယ်တမ်း George Lucas က စီးပွားဖြစ်ရုပ်ရှင်တစ်ကားကို ထုတ်ပြသွားခဲ့တာကိုး။ Fox ခမျာ Star Wars ထွက်လာအပြီး တစ်ကားစာ ငွေသောက်သောက်လဲဝင်ပေမယ့် ကိုယ့်အိမ်ကွင်းမှာ ဖလားလုဖက်အသင်းတစ်သင်းကို အနိုင်ကစားပြီး မဟာပြိုင်ဖက်အသင်းကို ဖလားလွှဲပေးလိုက်ရတဲ့ ဘောလုံးအသင်းလို ငိုရခက်၊ ရယ်ရခက် ကျန်ရစ်ခဲ့တယ်။ George Lucas လည်း Fox နဲ့ဆက်လက်မတွဲတော့ဘဲ Lucasfilm ဆိုပြီး ကိုယ်ပိုင်စတူဒီယိုကြီးထောင်ပစ်လိုက်တယ်။

တကယ်တမ်း စဥ်းစားကြည့်ရင် George Lucas ရဲ့အလောင်းအစားက တော်တော်အရဲစွန့်ရာကျတယ်ပြောရမယ်။ ဟောလိဝုဒ်ကို ခြေဖဝါးတစ်ဖက်ပဲဝင်ရသေးတဲ့ လူငယ်ဒါရိုက်တာတစ်ယောက်အနေနဲ့ ဒီနေ့ခေတ်ငွေကြးပမာဏနဲ့ဆို ဒေါ်လာ ၁ သန်းခွဲလောက်ရှိတဲ့ပမာဏကို လျှော့ယူပြီး မူပိုင်ခွင့်တွေနဲ့လဲခဲ့တာကိုး။ အခန့်မသင့်ရင် ဝင်ပြီးသားခြေတစ်လှမ်းပြန်ဆုတ်သွားနိုင်လောက်တယ်။ ဒါပေမယ့် ဒီရွှေ့ကွက်က ဘယ်လောက်ထိရောက်သွားသလဲဆိုရင် George Lucas နဲ့  Fox ရဲ့ မူပိုင်ခွင့်သဘောတူညီချက်အပြီး ဘယ်စတူဒီယိုကမှ ဘတ်ဂျက်သက်သာတာတစ်ခုတည်းကြည့်ပြီး ဒါရိုက်တာကို မူပိုင်ခွင့်တွေ ထိုးမပေးရဲတော့ဘူး။ George Lucas ဟာ ရုပ်ရှင်သမိုင်းမှာ ဇာတ်လမ်းတစ်ပုဒ်တည်းနဲ့ ဘီလီယံချီတန်တဲ့ စတူဒီယိုတည်ဆောက်ပြသွားတဲ့ ပထမဆုံးနဲ့ နောက်ဆုံးဥပမာဖြစ်သွားခဲ့တယ်။ သူ့ရွှေ့ကွက်က ဒီမှာတင်မရပ်သွားခဲ့ဘူး။ George Lucas က သူရထားတဲ့ Star Wars ရုပ်ရှင်ဆက်စပ်ပစ္စည်းရောင်းခွင့်စာချုပ်ကိုင်ပြီး ကလေးကစားစရာအရုပ်နဲ့ လူသုံးကုန်ပစ္စည်းလုပ်ငန်းကိုပါ နယ်သွားချဲ့တယ်။ ရှော့ပင်းစင်တာတွေ၊ ကစားစရာဆိုင်တွေမှာ Star Wars တံဆိပ် ပစ္စည်းပစ္စယာတွေ၊ ကစားစရာတွေကို လူတွေက ကြိတ်ကြိတ်တိုးဝယ်ကြတယ်။ Star Wars ဟာ ရုပ်ရှင်တစ်ကားဆိုတာထက်ပိုလာတယ်။ ဟောလိဝုဒ်စတူဒီယိုကြီးတွေခမျာ ရုပ်ရှင်နဲ့တင်မကဘဲ အရုပ်ပါရောင်းစားပြီး ပိုက်ဆံရှာပြတဲ့ George Lucas အကွက်ကိုကြည့်ပြီး ပါးစပ်အဟောင်းသား။ အဲ့ကစပြီး ဟောလိဝုဒ်ရုပ်ရှင်လောကကြီးရဲ့ မားကတ်တင်းဗျူဟာတွေ ရုပ်ရှင်ဝင်ငွေများဖို့ဆိုတာထက်ပိုတဲ့ အရွှေ့တစ်ခုကို ပြောင်းလဲသွားခဲ့ကြတာ အခုအထိပါပဲ။ 

George Lucas ကလည်း တကယ်တော့ Star Wars ရုပ်ရှင်ကို အောင်မြင်မယ်လို့ အယုံအကြည်ရှိခဲ့တာမဟုတ်ဘူး။ ရုံတင်ချိန်မှာ ဒီရုပ်ရှင်က ရှုံးကိုရှုံးမှာပဲလေဆိုပြီး သူငယ်ချင်းဖြစ်တဲ့ Spielberg နဲ့အတူ ဟာဝိုင်ယီကမ်းခြေမှာ အပန်းဖြေခရီးထွက်နေခဲ့တယ်။ Spielberg နဲ့ Star Wars ပိုက်ဆံဘယ်လောက်ဝင်မလဲ ခန့်မှန်းလောင်းကြတော့လည်း သူရှုံးပါသတဲ့။ “Spielberg မှန်းတာထက် လျှော့မှန်းလိုက်တာ တကယ်တမ်းကျ ကျုပ်ရှုံးပါရောလား” တဲ့လေ။​ ရှုံးမယ်လို့ထင်ချင်စရာအကြောင်းအရင်းတွေကလည်း နည်းမှမနည်းတာကိုး။ အထင်ရှားဆုံးနဲ့ အရယ်ရဆုံးအဖြစ်အပျက်တစ်ခုကိုပြောရရင် Star Wars ရိုက်နေတုန်း George Lucas တို့ကောင်းမှုကြောင့် နိုင်ငံ ၂ နိုင်ငံ စစ်ဖြစ်မလိုဖြစ်ခဲ့တာပါပဲ။ George Lucas ရုပ်ရှင်သွားရိုက်တဲ့ တူနီရှားနိုင်ငံနဲ့ လစ်ဗျားနိုင်ငံက နယ်နိမိတ်ချင်းထိစပ်နေပြီး အဲ့အချိန်တုန်းက အာဏာရှင် ကဒါဖီက လစ်ဗျားနိုင်ငံကို အုပ်ချုပ်နေတဲ့အချိန်ပေါ့။ အားအားရှိ တူနီရှားကိုချမယ်တကဲကဲလုပ်နေတဲ့အချိန်လည်းဖြစ်တယ်။ တနေ့ကျ စစ်အာဏာရှင်ကဒါဖီက ရုတ်တရက်ကြီး ခြိမ်းခြောက်လာတယ်။ တူနီးရှားနိုင်ငံအနေနဲ့ သူတို့နှစ်နိုင်ငံနယ်စပ်နားက စစ်ကားကိုမဖယ်ပေးရင် တိုက်ပွဲဖြစ်သွားမယ်တဲ့။ တူနီးရှားအစိုးရလည်း သူတို့သွားထားထားတာ မဟုတ်ကြောင်းငြင်းရင်း အခြေအနေတွေတင်းမာလာကြပါတယ်။ တကယ်တော့ ကဒါဖီတို့ စစ်ကားလို့ထင်နေတဲ့ဟာက Star Wars ရိုက်ကွင်းက Jawa Sandcrawler ယာဥ်ပုံစံငယ်ဖြစ်နေပါရော။ George Lucas လည်း သူ့ရုပ်ရှင်ပုံရိပ်ထိခိုက်မှာနဲ့ သူ့ဟာသူရုပ်ရှင်ရိုက်ရင်း စစ်မီးမွှေးမိမှာ‌စိုးတာကြောင့် ပြာပြာသလဲနဲ့ ဖယ်ပေးပါမယ်လို့ တူနီးရှားအစိုးရကို တောင်းပန်ခဲ့ရပါတယ်။ ဒီလိုအလွဲလွဲအချော်ချော်တွေနဲ့ရုပ်ရှင်ကို ဝက်ဝက်ကွဲရှုံးမယ်လို့ထင်တာလည်း ဆန်းတော့မဆန်းပါဘူး။

ဒါပေမယ့် Star Wars ရုပ်ရှင်ဟာ သူ့ခေတ်အခါက ရုံဝင်ငွေစံချိန်ချိုးတဲ့ရုပ်ရှင်ဖြစ်ခဲ့သလို စိတ်ကူးယဥ်သိပ္ပံရုပ်ရှင်တွေ ရုပ်ရှင်ရုံမှာ နေရာပြန်ယူလာစေဖို့ လမ်းဖွင့်ပေးနိုင်ခဲ့တယ်။ စတူဒီယိုတွေကိုလည်း ရုပ်ရှင်ဖန်တီးသူတွေကို လျှော့မတွက်မိဖို့ သတိပေးသံဖြစ်စေခဲ့တယ်။​ George Lucas ရဲ့ ရွှေ့ကွက်နဲ့အတူ သူ့ကို ဘီလျံနာဖြစ်သွားစေတဲ့ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ခဲ့တယ်။​ Star Wars ကို လက်ရှိအချိန်မှာ ခေတ်ရေစီးကြောင်းရဲ့ လွှမ်းမိုးမှုအရှိဆုံးရုပ်ရှင် franchise တစ်ခုအဖြစ် လက်ခံလာကြသလို ဒီစိတ်ကူးယဥ်ကမ္ဘာကြီးထဲက အကြောင်းအရာတွေကို လူသန်းပေါင်းများစွာ စွဲလမ်းရူးသွပ်ကြတယ်ဆိုပေမယ့် တချိန်တုန်းက ဒီဇာတ်လမ်းကြီးတစ်ခုလုံးဟာ ဘယ်စတူဒီယိုမှ အရေးတယူမလုပ်ခဲ့တဲ့လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာပဲ ကိန်းအောင်းနေခဲ့တယ်ဆိုတာ အံ့သြစရာမကောင်းဘူးလား။

Leave a comment