ရင့်ကျက်တဲ့သမီးရဲ့ လစ်ဟာနေတဲ့ဖခင်နေရာ

Scrapper ရုပ်ရှင်အတွေးစ

❝အခု အဖေ့ကို သမီးသိသွားပြီဆိုတော့
မသိသလို နေလို့မရတော့ဘူးပေါ့❞

အရှေ့တိုင်းမှာ အနောက်တိုင်းထက် မိသားစုဆက်ဆံရေးကို ရေရှည်စိတ်ထိခိုက်စေတာကတော့ ကွာရှင်းသင့်တဲ့မိဘနှစ်ပါးဟာ သားသမီးအတွက်ဆိုပြီး ပေကပ်ကာ မကွာရှင်းဘဲ နေ့စဥ်လုပ်ငန်းတာဝန်တွေထမ်းရတာနဲ့ သားသမီးတွေချစ်ခြင်းမေတ္တာကို မခံစားရအောင်ဖြစ်သွားစေတာပါပဲ။ အနောက်တိုင်းမှာတော့ သူတို့အဆင်မပြေရင် အတော်များများကွာရှင်းလိုက်ကြပြီး သားသမီးပြုစုပျိုးထောင်တာကို အလှည့်ကျတာဝန်ယူကြတာများပါတယ်။

Scrapper ရုပ်ရှင်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ရူးကြတဲ့ လူငယ်နှစ်ယောက်ကနေ ဖြစ်ပေါ်လာတဲ့ Georgie ကို အမေဖြစ်သူကသာ ပြုစုပျိုးထောင်ပြီး အမေဖြစ်သူ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ ဝမ်းနည်းပူဆွေးမှုကို အသက် ၁၂ နှစ်အရွယ်ကလေးမလေးက ကိုယ့်ဘာသာစိတ်ဖြေနေတဲ့အချိန် ဖခင်ဖြစ်သူပြန်ပေါ်လာတာပဲဖြစ်ပါတယ်။ ၁၂ နှစ်လုံးအဖေရှိတာကို သိလည်းမသိသလို၊ သိရင်လည်း အမေဖြစ်သူက မိဘနှစ်ပါးလုံးရှိသလိုခံစားရအောင် ပြုစုပျိုးထောင်မို့လို့ ဘေးမှာအကောင်အထည်လိုက်မရှိလည်း Georgie အတွက်မမူပါဘူး။ အမေတစ်ခု သမီးတစ်ခုဘဝကနေ ရုတ်တရက်အမေဆုံးပါးသွားချိန်မှာတော့ တစ်ယောက်တည်းကျန်ခဲ့တဲ့ကလေးကို လူမှုဝန်ထမ်းတွေပြန်လည်နေရာချထားပေးရေးလုပ်မှာစိုးလို့ ဦးလေးဖြစ်သူနဲ့နေတယ်လို့ တစ်ရပ်ကွက်လုံးနဲ့လူမှုဝန်ထမ်းတွေကို လိမ်ထားပါတယ်။ သူ့ရဲ့အကြောင်းကို အလုံးစုံသိတာကတော့ သူငယ်ချင်းဖြစ်သူ Ali။ Ali က Georgie နဲ့အတူတူသွား၊ အတူတူစားပြီး အိမ်လခပေးနိုင်ဖို့ စက်ဘီးခိုးလည်း လိုက်ပေးတဲ့သူငယ်ချင်း။ ကျောင်းမှာလည်း ဆရာမ၊ သူငယ်ချင်းတွေနဲ့ အချင်းများတဲ့ Georgie ရဲ့နေ့စဥ်ဘဝက အမေဆုံးပြီးကတည်းက Ali နဲ့လျှောက်သွား၊ စက်ဘီးခိုး၊ အုပ်ထိန်းသူတစ်ယောက်နဲ့နေနေကြောင်း ပိတ်လိမ်ရင်း အမေမရှိတော့တဲ့ဝမ်းနည်းပူဆွေးမှုကို သူ့ဘာသာတစ်ယောက်တည်းဖြေဆည်နေပါတယ်။ တနေ့ ခေါင်းဖြူဖြူနဲ့ ခြံစည်းရိုးကျော်ဝင်ပြီး ရောက်လာတဲ့လူတစ်ယောက်က သူ့အဖေဆိုတာ သိလိုက်ရတော့ သူ့ရဲ့ဘဝနေထိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာကို အနည်းနဲ့အများ ရှုပ်ထွေးသွားစေပါတယ်။ Jason ကလည်း အဖေတစ်ယောက်တာဝန်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စိတ်ချင်းဆယ်နွယ်ဖို့ရာ ကြိုးစားပြီး သူ့ဘဝထဲရောက်လာတဲ့ အစိမ်းသက်သက်ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ရာလုပ်ပါတော့တယ်။ သားသမီးဆိုတာကို တွေးတောင်မတွေးမိတဲ့ ဖခင်နဲ့ ဆင်းရဲမှုနဲ့မိဘနှစ်ပါးလုံးမရှိမှုကနေ အသက်အရွယ်နဲ့မလိုက် ရင့်ကျက်နေရတဲ့ ကလေးမလေးတို့ နှစ်ယောက်ကြားက တဖြည်းဖြည်းပုံဖော်သွားတဲ့ အဖေနဲ့သမီးဆက်ဆံရေးဟာ ကြည့်ရှုသူကို ကလေးမလေးရှုထောင့်ကနေ ထိုင်းမှိုင်းစေလိုက်၊ ဝမ်းသာစေလိုက်၊ ရယ်မောစေလိုက်နဲ့ အဖေဖြစ်သူကို သတိရစေလိုက်ဖြစ်စေတယ်။

ဒီရုပ်ရှင်ဟာ အောက်ခြေအလွှာမိသားစုကလာတဲ့ ရုန်းကန်နေရတာနဲ့ သားသမီးနဲ့စိတ်ချင်းဆက်နွယ်ဖို့ အချိန်မပေးနိုင်တဲ့မိဘတွေကြောင့် ကလေးတစ်ယောက်လိုခံစားပြီးမဖြတ်သန်းရကာ အချိန်မတန်ဘဲရင်ကျက်ရတဲ့ သားသမီးတွေအတွက် Georgie တစ်ယောက် အရာအားလုံးကို တစ်ယောက်တည်း ရုန်းကန်နေရတာကြည့်ပြီး ဆက်စပ်ခံစားရစေတယ်။ အဓိကကတော့ ဖခင်နဲ့ဆက်ဆံရေးမှာ အဖုအထစ်ရှိသူတွေအတွက် Jason တစ်ယောက် ရုတ်တရက်ပေါ်လာပြီး Georgie ကို သားသမီးတစ်ယောက်အဖြစ် နားလည်ဖို့ကြိုးစားတာတွေက စိတ်သက်သာရာရစေတယ်။ Jason ဟာ စံထားစရာ ဖခင်ကောင်းတစ်ယောက်မဟုတ်သော်လည်း ခေတ်အဆက်ဆက်ဖခင်တွေရဲ့ကွက်လပ်တစ်ခုဖြစ်တဲ့ သားသမီးနဲ့စိတ်ချင်းဆက်နွယ်ဖို့ရာကို မကြိုးစား၊ မကြိုးပမ်းနိုင်တာကို အားစိုက်ထုတ်တဲ့ချို့ယွင်းချက်တွေနဲ့ သားသမီးတစ်ယောက်လိုအပ်တဲ့ဖခင်ဖြစ်ခဲ့ပါတယ်။

Scrapper မှာအကြိုက်ဆုံးတစ်ချက်ကတော့ Jason ကို လစ်လာနေတဲ့ဖခင်ကနေ နောက်ဆုံးမှာ ဖခင်ကောင်းဖြစ်သွားတယ်လို့ ပုံမဖော်ဘဲ Georgie အတွက် ကောင်းတာရောဆိုးတာပါလွှမ်းမိုးမှုရှိမယ့် အဖေတစ်ယောက်ဆိုတာနဲ့ နိဂုံးချုပ်သွားတာက ရုပ်ရှင်ဖန်တီးသူ Charlotte Regan ပုံဖော်ချင်သလိုမျိုး အခြေခံလူတန်းစားအလွှာကဖခင်ပုံစံမျိုး တွေ့မြင်ရစေတာပါပဲ။ ဘာလို့ဆို ကိုယ်တွေပတ်ဝန်းကျင်မှာလည်း ဒီလိုဖခင်တွေက အကောင်းတွေချည်းဖြစ်လာတာမဟုတ်ဘဲ အကောင်းရောအဆိုးပါရောထွေးနေပြီး သားသမီးအပေါ်သက်ရောက်မှုကြီးမားတဲ့သူတွေမို့လို့ပါပဲ။

ငယ်ရာကနေ ကြီးပြင်းလာမယ့် လူတိုင်းအတွက် ရုပ်ဝတ္ထုထောက်ပံ့မှုမပြီးပြည့်စုံရင်တောင် စိတ်ချင်းဆက်နွယ်ဖို့အချိန်ပေးနိုင်တဲ့ မိဘတစ်ယောက်တော့လိုအပ်တာပါပဲ။ Georgie မှာတော့ ဆုံးရှုံးသွားတဲ့အမေ့နေရာကို အစားထိုးစရာမလိုဘဲ အတတ်နိုင်ဆုံးနားလည်အောင် ကြိုးပမ်းပြီး လစ်ဟာခဲ့တဲ့အဖေ့ကွက်လပ်ကိုဖြည့်ပေးမယ့် အဖေရှိသွားပါပြီ။

Leave a comment