THE MINISTRY OF UNGENTLEMANLY WARFARE

Rating: 2 out of 5.

Guy Ritchie ဆိုတာ အက်ရှင်နဲ့ပတ်သက်လာရင် ဘောလုံးအသင်းတစ်သင်းမှာ ကြယ်ပွင့်ကစားသမားတော့မဟုတ်ပေမယ့် နည်းပြနဲ့ ပရိသတ်မြင်ချင်တဲ့ လုပ်အားနှုန်း၊ အခြေခံဘောလုံးနည်းစနစ်ကျွမ်းကျင်မှုတွေကို မြင်ရတဲ့သူတစ်ယောက်နဲ့ တူပါတယ်။ ဒီလိုကစားသမားတွေ အမြဲတမ်းကြုံရတဲ့ပြဿနာက သူတို့ရဲ့ကစားပုံဟာ မေ့လွယ်ပျောက်လွ​ယ်ဖြစ်တာပါပဲ။ Guy Ritchie တစ်ယောက် နောက်ပိုင်းနှစ်တွေမှာ တစ်နှစ်တစ်ကားနီးပါးရိုက်နေတဲ့ အက်ရှင်ရုပ်ရှင်လက်ရာတွေအားလုံးဟာ ပိတ်ရက်ညခင်းမှာ ၂ နာရီအချိန်ဖြုန်းဖို့ကလွဲပြီး ပိုမလာခဲ့ပါဘူး။ The Ministry of Ungentlemanly Warfare ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ 

ဒီရုပ်ရှင်ဟာ Quentin Tarantino ရဲ့The Inglorious Basterds အငွေ့အသက်ကိုယူပြီး Liam Neeson ရဲ့ The A-Team ရုပ်ရှင်ကို ဒုတိယကမ္ဘာစစ်ဝတ်စုံဝတ်ပေးထားတာနဲ့ တူပါတယ်။ ပျော့ကွက်မရှိတဲ့မင်းသားတွေရယ်၊ ဝှက်ဖဲတွေမကုန်နိုင်တဲ့မင်းသမီးနဲ့ တစ်လမ်းသွားဗီလိန်ကြားမှာ ဇာတ်လမ်းက အတော်ပျင်းရိစရာကောင်းတယ်။ Guy Ritchie အနေနဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ဂျာမန်ရေတပ် မခြယ်လှယ်နိုင်ရေးအတွက် ကြိုးစားဟန့်တားကြတဲ့ဇာတ်လမ်းမှာ ဇာတ်လမ်းရဲ့အသက်သွေးကြောကို ဘယ်ဇာတ်ကောင်မှာတည်မလဲဆိုတာ ဝေခွဲရခက်ဟန်ပေါ်တယ်။ ဝန်ကြီးချုပ် Winston Churchill လား၊ လူမိုက် March-Phillips တို့အဖွဲ့လား၊ သူလျှို Marjorie တို့လား၊ ဘယ်သူ့ရှုထောင့်ကို ဗဟိုပြုပြီး ဒီစစ်ဆင်ရေးကို ပုံဖော်ပြမလဲဆိုတာနဲ့ပတ်သက်ပြီး မပြတ်မသားဖြစ်နေတာကို ဖန်သားပြင်ပေါ်မှာ အထင်းသားမြင်ရတယ်။ အကျိုးဆက်အနေနဲ့ ရုပ်ရှင်ဟာ လူများပြီးပွဲမစည်တော့ဘဲ ပါသမျှဇာတ်ကောင်တိုင်းဟာ အသက်မဲ့နေသလို ခံစားရတော့တယ်။ 

လက်ရှိမှာ အက်ရှင်ရုပ်ရှင်ကားတစ်ကားအတွက် သရုပ်ဆောင်ရွေးဖို့ နာမည်စီလိုက်ရင် ထိပ်ဆုံးကပြေးမလွတ်ကြတဲ့ Henry Cavill, Alan Ritchson, Henry Golding တို့လိုမင်းသားတွေ ပါဝင်လာခဲ့ပေမယ့် ဒီရုပ်ရှင်မှာ သူတို့တွေဟာ တစ်ယောက်တစ်နေရာစီ သီးသန့်ကွဲထွက်နေသလို ခံစားရတယ်။ ဇာတ်ညွှန်းမှာ သူတို့အချင်းချင်း အချိတ်အဆက်မိဖို့ ပြကွက်တစ်ကွက်၊ ဒိုင်ယာလော့ဂ်တစ်ကြောင်းတောင်မှ မထောက်ပံ့ပေးထားဘူး။ ဗီလိန်ဟာလည်း သိပ်ကိုပျင်းဖို့ကောင်းနေလွန်းတယ်။ ပေါ့ပေါ့ပါးပါး အက်ရှင်ကားတစ်ကားမှာ ဒီအချက်တွေက အရေးအကြီးဆုံးတော့မဟုတ်ဘူးပေါ့။ ထောင့်စုံအောင်သာ ထည့်ပြောရတာပါပဲ။ ဒါပေမယ့် The Ministry of Ungentlemanly Warfare ကို အားမလိုအားမရဖြစ်မိတဲ့အချက်က Guy Ritchie နဲ့ဆိုရင် စိတ်ချရပါတယ်လို့ အမြဲခံစားခဲ့ရတဲ့ အက်ရှင်ခန်းတွေမှာ စတယ်။ 

ဒီရုပ်ရှင်ရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေဟာ သိပ်ကို ရှင်းလင်းနေလွန်းတယ်။ သွေးထွက်သံယိုမဖြစ်တာ၊ ဝုန်းဒိုင်းကြဲမနေတာမျိုးကိုပြောတာတော့မဟုတ်ဘူး။ အက်ရှင်ခန်းတစ်ခန်းမလာခင် အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Henry Cavill တို့တစ်သိုက်ကို စပြလိုက်ကတည်းက ဒီဇာတ်ဝင်ခန်းမှာ သူတို့တွေ ဘာအဟန့်အတားမှမရှိဘဲ မိနစ်ပိုင်းလေးအတွင်းမှာ အားလုံးပြောင်သလင်းခါသွားအောင် အနိုင်ယူပြတော့မယ်ဆိုတာ ရှင်းလင်းလွန်းနေတာ။ ဖောက်ခွဲတဲ့ဇာတ်ဝင်ခန်းတွေဆိုရင် Michael Bay ရိုက်ထားသလားထင်ရလောက်အောင် ဖောက်ခွဲပြသလို အက်ရှင်ခန်းတွေကို ကန့်လန့်ကာချတဲ့အပိုင်းတွေမှာလည်း Michael Bay ဆန်ဆန် အလွယ်တကူပဲ ပွဲသိမ်းပေးသွားခဲ့တယ်။ ဇာတ်ရှိန်အတက်ဆုံးဖြစ်ရမယ့် သင်္ဘောခိုးတဲ့စစ်ဆင်ရေးတစ်ခုလုံးဟာ လိုအပ်တာထက် ပိုမှောင်မိုက်နေပြီး အဖွဲ့ခွဲထားတဲ့ ဇာတ်ကောင်တွေဟာ ဘယ်သူဘာလုပ်နေသလဲ ဝေခွဲမရလောက်အောင် ရှုပ်ထွေးနေကြတယ်။ ဒီလိုဇာတ်ဝင်ခန်းမျိုးမှာ ခက်ထန်တဲ့ဗီလိန်အဖြစ် ပုံမပေါ်ပေါ်အောင် ဂျူးလီးယက်ဆီဇာဝတ်စုံ ဝတ်ကူပေးထားရတဲ့ ဂျာမန်ဗိုလ်ချုပ် Luhr ဟာလည်း အရှိန်အဝါရှိမနေခဲ့ဘူး။ 

ဒီလိုမျိုး အားမလိုအားမရဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက တည်းဖြတ်ပုံမသေသပ်တာကြောင့်လို့ ပြောရမယ်ထင်တယ်။ သင်္ဘောကြီးတစ်စီးလုံးကို ခိုးယူဖို့ကြိုးစားတဲ့ ဇာတ်ဝင်ခန်းကို တည်းဖြတ်ထားတာ အချိတ်အဆက်မမိဘူးလို့ ခံစားရတယ်။ လူစုခွဲပြီး တစ်ယောက်တစ်နေရာရောက်သွားလိုက်၊ သောင်ပြင်မှာပြန်ဆုံလိုက်၊ နီးနီးလေးကနေ ဝေးသွားလိုက်၊ အဝေးကြီးကနေ ရုတ်တရက်ကြီး ပြန်နီးသွားလိုက်နဲ့ ခက်ခဲလှပါတယ်ဆိုတဲ့စစ်ဆင်ရေးတစ်ခုကို ကြည့်နေရသူအဖို့ ဇောချွေးပြန်ဖို့ဝေးစွ၊ သူတို့ဘာလုပ်နေကြသလဲဆိုတာ နားလည်နိုင်ဖို့တောင် မနည်းကြိုးစားခဲ့ရတယ်။ အသက်မဲ့နေတဲ့ဇာတ်ကောင်တွေကို ဘယ်သူဘာလုပ်နေသလဲ မှတ်တမ်းလိုက်တင်ပြထားတာနဲ့ ပိုတူတယ်ပြောရမယ်။

The Ministry of Ungentlemanly Warfare ဟာ ပိတ်ရက်ညခင်းမှာ ၂ နာရီစာအချိန်ဖြုန်းဖို့ထက် မပိုတဲ့ အက်ရှင်ကားတစ်ကားပါပဲ။ တချို့အတွက်တော့ ဒီ ၂ နာရီစာကိုတောင် ကသိကအောင့်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ The A-Team လိုမျိုး ဘက်စုံထူးချွန်သူတွေစုပြီး ကြံတိုင်းအောင်တဲ့တပ်ဖွဲ့တစ်ဖွဲ့ရဲ့ စစ်ဆင်ရေးအကြောင်း တင်ဆက်ပြထားတဲ့ရုပ်ရှင်မျိုးကို ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ကောင်းတွေ့နိုင်မှာပါ။ မည်သို့ပင်ဆိုစေကာမူ ဒီလိုမေ့လွယ်ပျောက်လွယ်အက်ရှင်ကားတွေပဲ လှိမ့်ရိုက်နေတဲ့ Guy Ritchie တစ်ယောက် အရှေ့ကနောင်တော်ကြီး Michael Bay လိုမဖြစ်လာခင် တစ်နှစ်တစ်ကားရိုက်နေတာကိုလျှော့ပြီး အချိန်သေချာယူဖန်တီးစေချင်တာတော့ အမှန်ပါပဲ။ Guy Ritchie ဖန်တီးပုံဖော်ပြနေတဲ့ အသက်မပါတဲ့ဇာတ်ကောင်တွေရဲ့ ပိတ်ရက်ညခင်းဖျော်ဖြေခန်းတွေကို ရိုးအီလာတာတော့ ဝန်ခံရပါလိမ့်မယ်။ Cinema Boulevard အနေနဲ့ The Ministry of Ungentlemanly Warfare ကိုအဆင့်သတ်မှတ်ချက် ၂/၅ ပေးပါတယ်။ 

Leave a comment

You might also like