MOTHERS’ INSTINCT

Rating: 3.5 out of 5.

ဟောလိဝုဒ်မှာထိပ်တန်းဖြစ်လာတဲ့ Jessica Chastain နဲ့ ရှိပြီးသားသဘာကို ထပ်လောင်းသက်သေပြလိုက်တဲ့ Anne Hathaway တို့ရဲ့ Mothers’ Instinct ရုပ်ရှင်ဟာ psychological thriller ကောင်းကောင်းလိုအပ်နေသူတွေအတွက် ရုပ်ရှင်အစကနေ အဆုံးအထိခေါ်ဆောင်သွားမှာပါ။ ထွေလာမှာကတည်းက အတော်အသင့်မျှော်လင့်ခဲ့ပြီး ရုပ်ရှင်ကိုခံစားကြည့်ရှုရလိုက်တဲ့အချိန်မှာ ဝေဖန်ရေးပါးပါးသာလိုတဲ့ရုပ်ရှင်တစ်ကားပဲလို့ ခံစားရပါတယ်။ သားတစ်ယောက်ဆုံးရှုံးမှုကနေ မိခင်နှစ်ယောက်ရဲ့ သံသယတွေ၊ ပြစ်တင်ဝေဖန်ချက်တွေနဲ့အတူ အထင်အမြင်လွဲမှုတွေကတဆင့် ပရိသတ်တွေကို ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ ဇဝေဇဝါဖြစ်ရစေတဲ့မှန်းဆချက်တွေနဲ့အတူ စီးမျောသွားစေပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ ၁၉၆၀ ခုနှစ်၊ အမေရိကန်နိုင်ငံရဲ့ ဒေသတစ်ခုမှာ Alice နဲ့ Celine ဆိုတဲ့ အိမ်နီးချင်းအိမ်ရှင်မနှစ်ယောက်ဟာ သူငယ်ချင်းဆက်ဆံရေးရှိကြပြီး သားဖြစ်သူတွေကလည်း ကျောင်းတူပြီး ဆော့အတူစားအတူသူငယ်ချင်းတွေဖြစ်ကြပါတယ်။ Alice ဟာ ကလေးရလာတဲ့အချိန် အိမ်ရှင်မတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် အလုပ်ခွင်ကို ပြန်သွားချင်ပါတယ်။ Celine ကတော့ နည်းနည်းကြောက်ရတဲ့အမျိုးသားကို ပိုင်ဆိုင်ထားပေမယ့် မိသားစုကိုချစ်တဲ့အိမ်ရှင်မကောင်းတစ်ယောက်ပါ။ တစ်နေ့ Celine ရဲ့သားဖြစ်သူ Max က နေမကောင်းတော့ ကျောင်းမသွားနိုင်ဘဲ အိမ်မှာအနားယူရတယ်။ ဘေးအိမ်က Alice ခြံရှင်းနေရင်း Max တစ်ယောက် ဝရံတာဘောင်ပေါ်တက်ဆော့နေတာမြင်ပြီး ပြုတ်ကျမှာစိုးလို့ အောက်ဆင်းဖို့လှမ်းအော်ပေမယ့် Max ကတော့မကြားပါဘူး။ Celine ကလည်း အိမ်သန့်ရှင်းရေးလုပ်နေတော့ ဖုန်စုတ်စက်အသံနဲ့ ခေါ်မကြားအော်မကြားဖြစ်နေတော့ Alice လည်းပြေးလာပြီး Max ကို အောက်ဆင်းဖို့ပြေဖို့လုပ်ပေမယ့် သူရောက်တဲ့အချိန်မှာ ကလေးကအောက်ပြုတ်ကျပြီး ဆုံးသွားပါပြီ။

ရုပ်ရှင်ဟာ မြန်မြန်ပဲဇာတ်ကွက်ကို တည်တယ်။ psychological thriller ဆန်ဆန် ဇာတ်ကွက်ပြောင်းသွားတာက အဓိကမဟုတ်ဘဲ ဒီထဲမှာဇာတ်ကောင်တွေစိတ်ထဲဖြစ်ပျက်နေတာတွေကို သရုပ်ဆောင်နှစ်ယောက်ရဲ့ ပြောစရာမလိုတဲ့သရုပ်ဆောင်ချက်တွေနဲ့ပြသတယ်။ အမေနှစ်ယောက်ရဲ့ ဝတ်စားဆင်ယင်တဲ့အရောင်ကနေတဆင့် ဇာတ်ဝင်ခန်းရဲ့နောက်ကွယ်ကဘာဖြစ်နိုင်သလဲဆိုကာ ပရိသတ်ကိုခန့်မှန်းရစေတယ်။ သားဆုံးရှုံးလိုက်ရလို့ Celine ဟာ Alice ကိုအပြစ်တင်ပြီး ကလဲ့စားချေချင်တာလား၊ Alice ပဲ ဗျာပါရများပြီး ရူးသွားတာလားဆိုတဲ့ ကြည့်ရှုသူတွေကို ချိန်ခွင်လျှာတစ်ခုကနေ ဘယ်ဖက်ကိုယိမ်းပြီး ပိုသာယုံကြည်ရမလဲဖြစ်စေပါတယ်။ ဒီလိုခံစားချက်မျိုးကို မိနစ် ၉၀ စာအပြည့်ခံစားရစေပြီး ဇာတ်လမ်းအရှိန်အဟုန်ကို မြင့်သထက်မြင့်လာစေတယ်။

ထုံးစံအတိုင်း လိုအပ်ချက်တွေပြောရမယ်ဆိုရင် အတော်လေးနည်းပါတယ်။ ဘတ်ဂျက်နည်းနည်းရုပ်ရှင်မို့လို့လားမသိ ဆက်တင်ယူထားတဲ့အိမ်နှစ်လုံးကို သေသေချာချာပြင်ဆင်ထားပေမယ့် ကားမောင်းတဲ့အခန်းတွေက သဘာဝမကျတဲ့အပြင် ဇာတ်ဝင်ခန်းကိုကျော်ထွက်ပြီး အဲ့ဒါကိုအာရုံရစေတယ်။ အဓိကသရုပ်ဆောင်နှစ်ယောက်လုံးက ဇာတ်ကိုသယ်သွားပေမယ့် ကျန်တဲ့ဇာတ်ကောင်တွေက မပံ့ပိုးပေးနိုင်တာမဟုတ်ဘဲ ထားရာနေစေရာသွားသလိုတုံးတိကြီးဖြစ်နေတယ်။ ရုပ်ရှင်ဟာ အဓိကဇာတ်ကောင်နှစ်ယောက်ရဲ့ ပူဆွေးမှုနဲ့ သံသယတွေကိုပဲ ပြချင်ဇောရှိတော့ plot holes ဆိုတဲ့ ရုပ်ရှင်ကောင်းတာကိုလက်မခံချင်တဲ့ စိမ့်ထွက်နေတဲ့ဇကာပေါက်တွေရှိနေတယ်။ ၁၉၆၀ ခုနှစ်မှာ အခြေတည်ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်လမ်းဟာ ၁၉၀၀ ခုနှစ်အစကသူတွေလို တီထွင်ဆန်းသစ်မှုတွေမရှိဘဲ နေထိုင်နေတယ်။ နောက်ဆုံးမှာ ဇာတ်ကောင်တစ်ခုရဲ့ လုပ်ကွက်တွေကို ကြည့်ရှုသူတွေကို စိတ်ကျေနပ်မှုအပြည့်ရအောင် အထုတ်မဖြေဘဲ သြော် သူဒီလိုလုပ်လိုက်တာပဲဆိုပြီး မပြည့်စုံတဲ့ရသကို ခံစားရစေတယ်။

ဇာတ်သိမ်းဟာ ကြည့်ရှုသူအပေါ်မူတည်ကာ စိတ်ကျေနပ်လက်ခံနိုင်သလားဆိုတာနဲ့ ကွဲပြားသွားပြီး ဒီရုပ်ရှင်အပေါ်အဆင့်သတ်မှတ်ချက်တွေ မတူညီနိုင်လောက်ပါဘူး။ ဒါပေမယ့် စာရေးသူအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့လို့ Mothers’ Instinct ရုပ်ရှင်ကို အဆင့်သတ်မှတ်ချက် ၃.၅/၅ ပေးပါတယ်။ အကယ်လို့ ရုပ်ရှင်ဟာ ထိပ်တန်းနှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်လမ်းအရှိန်ထက်ပိုကောင်းတဲ့ နည်းပညာပိုင်းနဲ့ ရုပ်ရှင်ပညာပိုင်းလက်စွမ်းပြနိုင်ခဲ့ရင် ဒီ့ထက်အဆင့်သတ်မှတ်ချက်များနိုင်ပေမယ့် အကောင်းဆုံးမဖြစ်ခဲ့သော်ငြား ကျေနပ်နိုင်စရာနဲ့ psychological thriller ခေါင်းစဥ်အောက်မှာ ဖျော်ဖြေရေးရသအပြည့်ခံစားခဲ့ရပါတယ်။

Leave a comment

You might also like